အခု ဇွန်လ ၄ ရက် နဲ့ ၅ ရက်မှာ ကျင်းပနေတဲ့ ဖူဂျီ ရဲ့ ၂၄ နာရီ ကြာ ကားမောင်း ပြိုင်ပွဲ ကြီး အတွက် Nissan ကတော့ သူတို့ရဲ့ Z ပြိုင်ကားကို တရားဝင် ချပြလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်စီးတည်းတော့ မဟုတ်ပဲ မတူညီတဲ့ ကိုယ်စားပြု အသင်း ၂ သင်း အတွက် ကား ၂ မျိုး ချပြလာတာပါ။ ပြီးခဲ့တဲ့ ဧပြီ လ ကတည်းက Nissan Z Racing Concept အဆင့်ကားတွေ ကိုဖန်တီးနေကြတယ်ဆိုတဲ့ သတင်းတွေ ခဏခဏမြင်ခဲ့ကြ ရပြီး Super GT နဲ့ အခြား သော ပြိုင်ကားတွေကို ဖန်တီး ခဲ့တဲ့ အ‌တွေ့အကြုံတွေကို ကောင်းကောင်း အသုံး ချနေခဲ့ ပုံလည်း ရပါတယ်။ Nismo အနေနဲ့ ကလည်း အခုလို ၂၄ နာရီ ခက်ခဲ ကြမ်းတမ်းတဲ့ ကားမောင်း ပြိုင်ပွဲကြီးရဲ့ အသေးစိတ် အချက်အလက်တွေကို သေချာ လေ့လာမှတ်တမ်းတင်ခဲ့ပြီး အခု ကားတွေကို ဖန် တီးရာမှာ အထောက်အကူ ဖြစ်စေဖို့ စီစဉ်ခဲ့ပါတယ်။

Photo Credit: motor 1.com

အခု ပြိုင်ပွဲဝင်မယ့် ကား ၂ စီး ကတော့ အဆိုပါ ဖန်တီးခဲ့တဲ့ ကားတွေထဲက 230 နဲ့ 244 လို့ အမည်ပေးထား တဲ့ Concept Car တွေပဲ ဖြစ်ကြပါတယ်။ Race Car 230 ကိုတော့ Nismo အဖွဲ့ကယှဉ်ပြိုင်ရာမှာ အသုံးပြု မှာဖြစ်ပြီး Carbon- Neutral-Fuel (CNF) ဆိုတဲ့ အင်ဂျင်ကို သုံးလာခဲ့ပါတယ်။ တစ်ဖက်မှာတော့ Race Car 244 ကို ဓာတ်ဆီ အင်ဂျင်ပဲ တပ်ဆင်ထားပြီး Max Racing Team က အသုံးပြု ယှဉ်ပြိုင်လာမှာပါ။ Car 230 ကတော့ Nismo အဖွဲ့အတွက် အတော် လေး အရေးပါတဲ့ ကားတစ်စီး ဖြစ်ပြီး အကြောင်းကတော့ အနာဂါတ်မှာ သုံးနိုင်ဖို့ အတွက် လေ့လာတီထွင်မှုတွေ ပြုလုပ်နေတဲ့ CNF Engine ကို စသုံးထားခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒီ နည်းပညာကတော့ လာမယ့် ၂၀၅၀ မှာ ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိရတော့အောင် ကြိုးစား မယ့် Nissan ရဲ့ အဓိကရည်မှန်းချက် အတွက်လည်း တစ်စိတ်တစ်ပိုင်း လိုအပ်နေကာ အနာဂါတ် ရဲ့ ကာဗွန် ထုတ်လုပ်မှု လုံးဝမရှိတဲ့ Motorsport လောက အတွက်လည်း အထောက်အကူ ဖြစ်လာမှာပါ။

Photo Credit: motor 1.com

နောက်တစ်ချက် ထူးခြားတာကတော့ လက်ရှိ မှာ All-Electric ABB FIA Formula E World Championship လျှပ်စစ် ကားမောင်းပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ တစ်ခုတည်းသော ဂျပန် ကား ကုမ္ပဏီ ကလည်း Nissan ပဲ ဖြစ်နေတာ ပါ။ အခုလိုမျိုး Formula E ပွဲကို ပထမဆုံးနဲ့ သီးသန့် ဝင်ရောက် ယှဉ်ပြိုင် နိုင်တဲ့ ဂျပန်ကုမ္ပဏီလည်း ဖြစ်သလို သာမန် စံနှုန်း တွေကိုကျော်ပြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့ လည်း အသင့် ဖြစ်နေပြီလို့ Nissan ရဲ့ Chief Operating Officer ဖြစ်သူ Ashwani Gupta က ဆိုထားပါ တယ်။ ဒါ့အပြင် အခုလိုမျိုး ၂၄ နာရီ လမ်းကြမ်းပွဲကြီးမှာလည်း Nissan Z Racing Concept ကားတွေ ပါဝင်လာခြင်းဖြင့် အနာဂါတ်ရဲ့ ကာဗွန်ထုတ်လုပ်မှု မရှိတဲ့ ပြိုင်ကား လောကအတွက် လည်း အတွေ့အကြုံ ကောင်းတွေ စတင် ရရှိလာမယ်လို့ Nissan က ယုံကြည်နေပြီပဲဖြစ်ပါတယ်။

Ref: motor 1.com