Nissan Z ကားသစ် ကတော့ အရောင်းပြခန်းတွေ ဆီကိုတောင် ရောက်နေပြီ ဖြစ်ပေမယ့် အခုတစ်ခေါက်မှာ Nissan တို့ အလေးထားလာတာကတော့ ပြိုင်ကားအကြောင်း ဖြစ်ပါတယ်။ အခုပြီးခဲ့တဲ့ အင်္ဂါနေ့ကပဲ Nissan Z GT4 ပြိုင်ကားသစ်ကို တောင်ပံကြီးကြီး၊ Aerodynamic ကောင်းကောင်းနဲ့အတူ ချပြလာခဲ့ပါပြီ။ Nismo ရဲ့ Tuning လုပ်ထားတဲ့ အင်ဂျင်ပိုင်းနဲ့အတူ ပွဲထွက်လာတဲ့ အဆိုပါ ပြိုင်ကားရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ နိုဝင်ဘာမှာ ကျင်းပမယ့် 2022 SEMA ကားပြပွဲကြီးမှာ ချပြမယ်လို့ သိရပါတယ်။ အဆိုပါ ပြိုင်ကားကိုတော့ လာမယ့် နှစ် ပထမနှစ်ဝက်ထဲမှာ ကျင်းပမယ့် ပြိုင်ပွဲတွေအတွက် အသင့် ဖြစ်အောင် ပြင်ဆင်ပေးမှာပါ။ တကယ်တော့ အဆိုပါ Z GT4 ပြိုင်ကားကို ပြီးခဲ့တဲ့ ဧပြီ လက ကျင်းပခဲ့တဲ့ Fuji 24-Hour ကားပြိုင်ပွဲမှာ တရားဝင် မဟုတ်သေးပဲ မြင်ခဲ့ရပေမယ့် Nissan ဘက်ကတော့ တိတိကျကျ ဘာမှမပြောထားခဲ့ သေးတာပါ။ အဆိုပါ Prototype အဆင့် လောက်ကားမှာတုန်း ကတော့ GT4 ရဲ့ တောင်ပံအသစ်နဲ့ အင်ဂျင်တို့ အတူတူပါလာတယ်လို့ ယူဆရပေမယ့် ပြိုင်ကားသစ်ရဲ့ဘီးနဲ့ အရှေ့ဘက် Splitter တို့တော့ မပါလာခဲ့သေးပါဘူး။

Photo Credit: MotorAuthority

အခု GT4 ကို တရားဝင် မိတ်ဆက် လာချိန်မှာတော့ ကားက 2023 Z ကားကို အခြေခံထားတဲ့ ပြိုင်ကားအဖြစ် မြင်ထားရပြီး Nismo ရဲ့ Tuning လုပ်ထားတဲ့ Twin-Turbo 3.0 Liter V6 Engine ကို သုံးပေးထား တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကားရဲ့ စွမ်းဆောင်ရည်ပိုင်း အသေးစိတ် အချက်အလက်တွေအတွက် စောင့်ဆိုင်းရဖို့ ရှိပါသေးတယ်။ အိတ်ဇော စနစ်ကလည်း ယခင် Dual-Exhaust ကို အိတ်ဇော တစ်လုံး တည်းနဲ့ပဲ ပြန်အစားထိုးထား ခဲ့ပြီး Sequential Transmission ဂီယာပုံစံ ပါလာလိမ့်မယ်လို့တော့ ယူဆရပါတယ်။ ကားရဲ့ Chassis နဲ့ Suspension ပိုင်းတွေကိုတော့ ပြိုင်ကားဆိုတဲ့အတိုင်း လိုက်ဖက်အောင် ပြန် လည်ပြင်ဆင်ထားပြီး Body Kit အသစ် ကလည်း Aerodynamic ပိုကောင်းလာတာ တွေ့ရမှာပါ။ သိသာလာစေတဲ့ အချက်တွေကတော့ ကြီးမားတဲ့ အတောင်ပံ ၊ Front Splitter အသစ် ၊ Locking Pins ‌တွေနဲ့ Vented Hood အသစ်တို့အပြင် ဘီးဒီဇိုင်းအသစ်တွေပဲ ဖြစ်ပါတယ်။ အတွင်းခန်းပိုင်းရဲ့ ဒီဇိုင်းပုံရိပ်တွေကို မမြင်ရသေးပေမယ့်လည်း Nissan ကတော့ ဘယ်လို ယာဉ်မောင်း မျိုးအတွက်ကိုမဆို အတော်လေး အဆင်ပြေလိမ့်မယ်လို့ ဆိုထားတာကြောင့် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

Photo Credit: MotorAuthority

Nissan ရဲ့ COO ဖြစ်သူ Ashwani Gupta ကတော့ Nissan ရဲ့ ပြိုင်ကားတွေအတွက် အရေးပါမှုက အတော်လေးကြီးမား ပြီး Z ကားအသစ် တွေကလည်း အထောက်အကူ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အခုဆိုရင် 2023 Model တွေအနေနဲ့ တစ်ကျော့ပြန်လာတဲ့ Z ကားတွေက Nissan GT နဲ့ Nismo တို့ အတွက် အတော်လေးကို ဖန်တီးလို့ကောင်းတဲ့ ကားတွေ ဖြစ်လာခဲ့ပါပြီ။ အခု GT 4 ပြိုင်ကားကလည်း အလှည့်အပြောင်း ကောင်းကောင်းပေးနိုင်မယ့် ကားတစ်စီး ဖြစ်လာနိုင်ကာ ပြိုင်ပွဲအတွက် မဟုတ်ပဲ အခြားသီးသန့် လိုချင်တဲ့သူတွေအတွက် ပြင်ဆင်ထုတ်လုပ်ပေးမှာလား ဆိုတာကတော့ မသေချာသေးပါဘူး။ Nissan ကတော့ နောက်ထပ် Z ပြိုင်ကားသစ်အတွက် ပြိုင်ပွဲအဖြစ် အခုနှစ် အစောပိုင်းမှာ ကျင်းပခဲ့တဲ့ ဂျပန်ရဲ့ Super GT Touring ကားပြိုင်ပွဲကို မျက်စိကျနေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority