အမေရိကန် နိုင်ငံ၊ လက်စ်ဗီးဂတ်စ် မြို့မှာ ကျင်းပတော့မယ့် 2022 SEMA ကားပြပွဲကြီးမှာတော့ Nissan ကုမ္ပဏီ ကနေ အလန်းစားကားတွေချပြလာဖို့ ရှိနေပါတယ်။ အခု ဆိုရင်တော့ အကြိုအနေနဲ့ ၁၉၈၇ ခုနှစ် ထုတ် Datsun Sunny Truck ကားကို Nissan Leaf ရဲ့ လျှပ်စစ်အင်ဂျင်ထည့်ပြီး ဖန်တီးပြသလိုက်ပါပြီ။ အခုလိုမျိုး ကားဟောင်းကို အင်ဂျင် ပြောင်းထည့်တာ တွေကိုတော့ ၂၀၂၁ ပွဲ တုန်းက 1978 Ford F-100 Pickup ကားမှာ Ford တို့ လုပ်ပြခဲ့ဖူးပြီး ၂၀၁၉ ပွဲတုန်းကလည်း C-10 Pickup ကားဟောင်းပေါ် အခြေခံထားတဲ့ ကားတစ်မျိုး ကို အလားတူပဲ ချပြခဲ့ဖူးပါသေးတယ်။ အခု Nissan  ကားမှာတော့ 147 hp နဲ့ 236 lb-ft Torque အထိ စွမ်းဆောင်နိုင်တဲ့ Nissan Leaf ရဲ့ လျှပ်စစ်မော်တာ ကို ထည့်ပေးထားတာ ဖြစ်ပြီး ဒါဟာ မူလ Sunny Truck ရဲ့ 4-Cylinder Engine တုန်းကထက် စွမ်းဆောင် ရည် ၂ ဆ ၊ Torque ပမာဏ ၃ ဆ လောက်အထိ ပိုကောင်းသွားတာပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခုကားမှာ လျှပ်စစ် မော်တာတင်မကပဲ Leaf ရဲ့ 40 kWh Battery ကိုပါ တစ်ပါတည်း တပ်ဆင်ပေးထား လိုက်ပြီး ရလဒ်ကတော့ Nissan Leaf ရဲ့ တစ်ခါ အားသွင်းထားရင် မောင်းနိုင်မယ့် ၁၄၉ မိုင် စံချိန်ကိုတောင် ကျော်ဖြတ်နိုင်ဖို့ အလားအလာများ နေတာပါပဲ။ တကယ်တော့ အမေရိက ဈေးကွက်ထဲမှာ  Sunny Truck အမျိုးအစားကို Nissan တို့ တစ်ခါမှ မရောင်းချခဲ့ဖူးပဲ အခု ကားကလည်း ဂျပန်ဈေးကွက်ထဲက ကားကို ပြန်လည် ပြင်ဆင်ထားတာ ဖြစ်လို့ ညာမောင်းပဲ ဖြစ်ပါတယ်။ အခု ကားဟောင်းလေးကိုတော့ တောင်ကယ်ရိုလိုင်းနား အခြေစိုက် Tommy Pike Customs ဆိုတဲ့ လုပ်ငန်းလေးရဲ့ ပိုင်ရှင် Tommy Pike က ပိုင်ဆိုင် ထားတာဖြစ်ပြီး အခုလို ပြင်ဆင်မှုတွေ ကိုလည်း Tommy နဲ့ အဖွဲ့သား တွေက ဖန်တီးခဲ့ကြတာပါ။ အဆိုပါ လျှပ်စစ် မော်တာနဲ့ ကားကိုပဲ Manual ဂီယာ နဲ့ ပေါင်းစပ် ထားတာကြောင့် ကြားထဲမှာ ကိုယ်တိုင် ဖန်တီး ယူထားရတဲ့ Bellhousing Adapter လေး တစ်ခုတော့ လိုအပ်လာ ပါတယ်။ အဆိုပါ အပိုင်းလေးကိုလည်း Tommy က တစ်ပါတည်း ထည့်ပေးထားပြီး အစားထိုးထားတဲ့ ဘက်ထရီ အတွက်လည်း ကိုယ်တိုင်လုပ် အလူမီနီယံ ဘောက်စ်လေး တစ်ခုပါ ဖန်တီးထားပါသေးတယ်။

Photo Credit: MotorAuthority

ဝါရင့် Nissan ပရိသတ်တွေ ဆိုရင်တော့ အခုကားမှာ Pike တစ်ယောက် သုံးထားတဲ့ အရောင်အချိုးအစား အစပ် အဟပ်ကို  မြင်လိုက်တာနဲ့တင် အမှတ်တရ တစ်ချို့ကို မှတ်မိနိုင်ပါတယ်။ အကြောင်းကတော့ အဆိုပါ အရောင် အချိုး အစားတွေက ၁၉၆၀ ခုနှစ်တွေနဲ့ ၇၀ ခုနှစ်တွေ ဝန်းကျင်မှာ ကျင်းပခဲ့တဲ့ Brock Racing Enterprise ရဲ့ Baja Racers ကားပြိုင်ပွဲတွေမှာ အသုံးပြုခဲ့တဲ့ ဒီဇိုင်းတွေကြောင့်ပဲ ဖြစ်ပါတယ်။ အဆိုပါကား ပါဝင်ပြသမယ့် အခုနှစ် SEMA ကား ပြပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာ ၁ ရက် ကနေ ၄ ရက် အထိ ကျင်းပမှာဖြစ်ပြီး Nissan ကတော့ တစ်ခြားသော ကားတွေအဖြစ် Z GT4 ပြိုင်ကားသစ်နဲ့ Nismo  Accessories ရဲ့ အစုံပါဝင်တဲ့ Z ကားတို့ကို ချပြမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority