Nissan အနေနဲ့ သူတို့ရဲ့ ဂျပန်ဈေးကွက်ထဲမှာ လျှပ်စစ် စွမ်းအင်သုံး Kei Car အသေးစားလေးတွေ ထုတ် ပေးမယ်လို့ IMk Concept နဲ့အတူအချက် ပြလာခဲ့တာ ၂၀၁၉ လောက်ကတည်းကပါပဲ။ အခု မေလ ၂၀၂၂ အရောက်မှာတော့ Sakura ဆိုတဲ့ ချယ်ရီပန်း နာမည်လှလှလေးနဲ့ အတူ ကားလေးက ထုတ်လုပ်တဲ့ အဆင့် ကိုတော့ ရောက်လာခဲ့ပါပြီ။ အခုကားကုမ္ပဏီရဲ့ Entry-Level EV လေးတစ်စီးဖြစ်ပြီး အရွယ်အစားအရရော ဈေးနှုန်းအရပါ သင့်တင့်ပါတယ်။ ကားကို အကွေ့အဝိုက်တွေအတွက် Turning Radius က ၁၅.၇ ပေပဲရှိ ပြီး ဂျပန်ရဲ့ မြို့ပြတွေထက်မှာ ချောင်ချောင်ချိချိ သွားလာနိုင်မယ့် ကားကောင်းလေး တစ်စီး ဆိုတာတော့ သေချာပါတယ်။ အခု ခပ်သေးသေး Hatchback ကားလေး ကတော့ ယခင် မြင်ခဲ့ရတဲ့ IMk Concept နဲ့ အတော်လေး ဆင်တူပြီး ခပ်လန်းလန်း ဘီးဒီဇိုင်းတွေကတော့ ဂျပန်ရဲ့ Mizuhiki Decorative က ပြင်ဆင် ပေးထားတာပါ။ Kei Car လို့ခေါ်တဲ့ ကားအသေး အမျိုးအစားအနေနဲ့ပဲ ဖန်တီးထားတာဖြစ်လို့ အရွယ်အစား ကို အဓိကထား ကြည့်ရပါလိမ့်မယ်။ ကားရဲ့ အ‌ရှည်ကတော့ ၁၃၃.၆ လက်မ ရှိနေပြီး ၊ အကျယ်ကတော့ ၅၈ လက်မ ဖြစ်ကာ အမြင့်ကတော့ ၆၅.၁ လက်မ အထိပဲရှိတာ ဖြစ်ပါတယ်။ ကားရဲ့ Wheelbase အပိုင်းက တော့ ၉၈.၂ လက်မ လောက်အထိရအောင် ဖန်တီးပေးထားပြီး ကားတစ်စီးလုံးနဲ့ ယှဉ်ရင်တော့ အတော် အဆင်ပြေတယ်လို့ ဆိုရမှာပါ။

Photo Credit: motor 1.com

ကားမှာတော့ ကျစ်ကျစ်လစ်လစ် ရှိလှတဲ့ Electric Platform ကို သုံးထားတာကြောင့် ဝင်ရိုးတွေ အတွက် လည်း ပို နေရာရစေပြီး အတွင်းခန်း ခပ်ကျယ်ကျယ်ကိုပါ ပေးစွမ်းနိုင်တာ တွေ့ရပါတယ်။ အခု Nissan Sakura ရဲ့ အနောက် တံခါး တွေကို ကြည့်လိုက်ရင်လည်း Kei Car တွေထဲမှာ အတော်ကျယ်တဲ့ ကားတံခါး တွေဖြစ်တာ တွေ့ရပြီး လူလေးယောက် ကောင်းကောင်း ထိုင်ဖို့နဲ့ ပစ္စည်းတွေ ဆိုရင်လည်း ၁၇၇ လီတာ အထိကို ထည့်လို့ဆံ့မှာ ဖြစ်ပါတယ်။ ကားရဲ့ အလေးချိန်ကလည်း အပေါ့ပါးဆုံးသော လျှပ်စစ်ကားတွေထဲ တစ်စီး အပါအဝင် ဖြစ်ပြီး ၂,၃၅၈ ပေါင် ရှိကာ ပစ္စည်း အပြည့်တင် ထားမယ်ဆိုရင်တောင်မှ နောက်ထပ် ၂၂ ပေါင်ပဲ ထပ်တိုးလာမှာပါ။ အခုကားလေးရဲ့ အဓိကအသက်ကတော့ လျှပ်စစ်မော်တာ အလန်းစားလေးဖြစ် ပြီး စွမ်းဆောင်ရည်ကတော့ 63 hp နဲ့ 144 lb-ft Torque အထိ ကို ရှိတာဖြစ်ပါတယ်။ မြန်နှုန်းကတော့ အမြင့်ဆုံး တစ်နာရီကို ၈၁ မိုင် အထိ ရှိတာကြောင့် အမြဲတမ်းနီးပါး သုံးဖြစ်နေမယ့် မြို့တွင်းသွားလောက် အတွက်ကတော့ ဒီ Kei Car လေးရဲ့ မြန်နှုန်းက လုံလောက်တာ ထက်ကို ပိုလို့ နေပါပြီ။

Photo Credit: motor 1.com

အခုကားမှာတော့ ခပ်သေးသေး Lithium-Ion Battery ကိုမှ 20 kWh အနေနဲ့ တွဲဖက်ပေးထားတာ ဖြစ်ပြီး တစ်ခါအားဖြည့်ထားရင်တော့ ၁၁၂ မိုင် အထိ မောင်းနှင်နိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အခု သတ်မှတ်နှုန်း တွေ ကတော့ WLTC Cycle ပေါ်မှာပဲ ဖော်ပြထားတာကြောင့် အနည်းငယ်တော့ အပြောင်းအလဲ ရှိနိုင်ပါ သေးတယ်။ တစ်ခု စိတ်ဝင်စားဖို့ ကောင်းတာကတော့ ကားလေးရဲ့ ဘက်ထရီက သေးပေမယ့်လည်း အိမ်မှာ လိုအပ်ရင် မီးတောင် ပြန်ပေးလို့ရမယ့် Power Bank အနေနဲ့တောင် သုံးလို့ ရသေးတာပဲ ဖြစ်ပါတယ်။ ဂျပန် ရဲ့ သာမန် လျှပ်စစ် အသုံးဖြစ်တဲ့ 12 kW ထက် မကျော်ရင် အခု ဘက်ထရီလေးက ကောင်းကောင်းမီးအား ပြန်ပေးနိုင်သလို တကယ်လို့ ဘက်ထရီ မီးအားအပြည့် တင်ထားတယ် ဆိုရင်လည်း မီးအား ပြည့်ဖို့တော့ ၈ နာရီ ‌ကြာမြင့်မှာပါ။ ဒါပေမယ့် အလျင်လိုတယ် ဆိုရင်တော့ ဘက်ထရီ ၈၀ % အထိ ပြည့်ဖို့တော့ မိနစ် ၄၀ လောက်ပဲ အချိန်ယူ ရနိုင်ပါတယ်။ အရမ်းကြီး စွမ်းဆောင်ရည် ပြည့်ဝတဲ့ လျှပ်စစ် ကားကောင်း တစ်စီး မဟုတ်ဘူး ဆိုပေမယ့်လည်း ထူးထူးခြားခြားပဲ Sport Mode ၊ Standard နဲ့ Eco Mode တွေ အကုန် ပါဝင် ပါတယ်။ ခြေနင်းတစ်ခုတည်းနဲ့ပဲ အလုပ်လုပ်နိုင်တဲ့ Regenerative Brake စနစ်တောင် ပါဝင်သေးကာ အရှိန်တင်ချတာနဲ့ ဘရိတ်ကို တစ်ပါတည်း လုပ်ပေးနိုင်ပါတယ်။ Nissan ကတော့ အခု ကားလေး ကို Kei ကားတွေထဲ အတိတ်ဆိတ်ဆုံးသော အတွင်းခန်း ဖြစ်အောင် ဖန်တီးပေးထားပြီး အလိုအလျောက် စတီယာ တိုင် ၊ လီဘာ ၊ ဘရိတ် နဲ့ ဂီယာတို့ ပါဝင်လာတဲ့ ပထမဆုံး သော Kei ကားလေးလည်း ဖြစ်လာသလို ProPilot ဆိုတဲ့ ပါကင် စနစ်ကိုတောင် အသုံးပြုလို့ ရသေးတာပဲ ဖြစ်ပါတယ်။ အခု ကားလေးကိုတော့ S ၊ X နဲ့ G Trim တွေ ဆိုပြီး အခု လာမယ့် နောက်နှစ် နွေရာသီလောက်မှာ စတင်ဝယ်ယူနိုင်တော့မှာ ဖြစ်ကာ ဈေးနှုန်းကတော့ $14,000 ကပဲ စတင်ကျသင့်မှာ ဖြစ်ပါတယ်။

Ref: motor 1.com