Sedan ကားတွေရဲ့ ခေတ်တွေ တဖြည်းဖြည်း ကုန်လာနေပြီ ဆိုတာကို နောက်ထပ် သက်သေပြမယ့် ကားတစ်စီးရဲ့ သတင်းတော့ ပေါ်ထွက်လာ ခဲ့ပြန်ပါပြီ။ အဲ့ဒါ ကတော့ Nissan ရဲ့ Maxima ဆိုတဲ့ Sedan ကားကို လာမယ့် ၂၀၂၃ နှစ်လယ်ပိုင်းလောက် ကစပြီး ထုတ်လုပ်မှုတွေ ရပ်ဆိုင်းသွားတော့မယ် ဆိုတဲ့ သတင်းပါပဲ။ အခုလိုမျိုး Maxima ကား အဆုံးသတ်တော့မယ် ဆိုတာကို အလုပ် သမားတွေ ၊ ကုန်ကြမ်း ထောက်ပံ့ပေးနေသူတွေနဲ့ အရောင်း အဝယ်သမား တွေဆီ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတည်းက တရားဝင် အသိပေးလိုက်ပြီ ဖြစ်တယ်လို့ Nissan ရဲ့ ပြောရေးဆိုခွင့်ရသူ Dan Passe က အတည်ပြု ပေးထားပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Maxima ကားကိုတော့ အမေရိကန်နိုင်ငံ၊ Tennessee ပြည်နယ်က Smyrna မှာထုတ်လုပ်တပ်ဆင်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ တုန်းကဆိုရင် အမေရိက ဈေးကွက်ထဲမှာ အစီးရေ ၁၆,၃၈၆ စီး ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပမာဏကတော့ ကာလတူ အတွင်း အစီးရေ ၁၀၃,၇၇၇ စီး အထိ ထုတ် လုပ်နိုင်ခဲ့တဲ့ Altima ကားနဲ့ ယှဉ်မယ် ဆိုရင်တော့ အတော် နည်းနေခဲ့ပါပြီ။ အဆိုပါ Sedan ၂ မျိုး ကတော့ အရွယ်အစားလည်းတူတယ် ဆိုပေမယ့် Maxima ကတော့ ပိုပြီး Sport ဆန်တဲ့ အရသာကို ရထားတာပါ။ Altima ကလည်း အခု လာမယ့် ၂၀၂၃ မော်ဒယ်အနေနဲ့ အဆင့်မြှင့်တင် ပေးထားပြီးခါစပဲ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် ကတည်းက စတင်ထုတ်လုပ်လာခဲ့တဲ့ Maxima ကားက လက်ရှိမှာတော့ မျိုးဆက် ၈ ခုမြောက်အထိ ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ကား နာမည်ကိုပဲ တကယ်အဆုံးသတ်သွားပြီးမှ လျှပ်စစ်သီးသန့် ဒါမှမဟုတ် Hybrid ကား အနေနဲ့ တစ်ဖန်ပြန် ဈေးကွက်ထဲ ရောက်လာဦးမယ်ဆိုရင်တော့ သိပ်ပြီး အံ့အားသင့်ရတော့မှာ မဟုတ်ပြန်ပါဘူး။ အကြောင်းကတော့ Passe ရဲ့ ပြောစကားထဲမှာတင် Nissan Maxima ရဲ့ အနာဂါတ် အသစ်ကို ပိုကောင်းတဲ့ ယာဉ် တစ်စီး ၊ နည်းပညာသစ်တွေနဲ့ ပြန်လာနိုင်မလား စောင်ကြည့် ရမယ်လို့ ဆိုသွားခဲ့လို့ပါပဲ။

Photo Credit: MotorAuthority

Nissan ကတော့ ပြီးခဲ့တဲ့ နှစ်ကတည်းကကို လာမယ့် ၂၀၃၀ အရောက်မှာတင် Nissan နဲ့ Infiniti Brand တွေဆီက လျှပ်စစ်ကား ပေါင်း ၂၃ မျိုး အထိ ထုတ် လုပ်လာမယ်လို့ တရားဝင် ပြောကြားထား ခဲ့ပြီးပါပြီ။ အခုဆယ်စုနှစ် အကုန်မှာတင်ပဲ Solid State ဘက်ထရီတွေ အပါအဝင် လျှပ်စစ်ကားတွေ ဆီက ရောင်း အားအမြတ် ၄၀ % အထိ ရရှိမယ်လို့ကို ခန့်မှန်း တွက်ချက်ထားတာပါ။ Nissan ကတော့ သူတို့ရဲ့ လျှပ်စစ် အနာဂါတ်အတွက် အသေးစိတ်ကို ထပ်ပြီး မပြော‌ ထားသေးပေမယ့်လည်း လက်ရှိမှာတော့ လာမယ့် ၂၀၂၅ က စလို့ မစ္စစ္စပီ ပြည်နယ် ၊ Canton က စက်ရုံကို လျှပ်စစ် ကား ၂ စီး စတင်ထုတ်နိုင်ဖို့ စီစဉ်သွားမယ် လို့ အတည်ပြုပေးထားပါတယ်။ အဆိုပါ ၂ စီး ထဲက တစ်စီးကတော့ Nissan အတွက်ဖြစ်ပြီး တစ်စီးကတော့ Infiniti ကပဲ ဖြစ်ပါတယ်။

Ref: MotorAuthority