Nissan ရဲ့ပထမဆုံး‌သော အဓိက လျှပ်စစ်ကားဖြစ်တဲ့ Nissan LEAF ကတော့ ၂၀၁၀ ခုနှစ်မှာ စတင် မိတ်ဆက် ပေးခဲ့ပြီး မကြာမှီမှာပဲ အဆုံးသတ် ရတော့ မယ်လို့ သိရပါတယ်။ Automotive News ရဲ့ သတင်းတွေအရ ဆိုရင်တော့ Nissan Leaf ကို မကြာခင်မှာပဲ ဖယ်ထုတ်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာ တော့ အဆိုပါ ကားတွေကို ဂျပန် ၊ အမေရိကန်နဲ့ ယူကေ တို့ရဲ့ စက်ရုံတွေမှာ ထုတ်လုပ်ပေးနေတာဖြစ်ပြီး ကားကိုတော့ အခုလက်ရှိ ဆယ်စုနှစ်ရဲ့ တစ်ဝက် လောက်မှာ တင်ထုတ်လုပ်တာတွေ ရပ်နားလာနိုင်ပါတယ်။ လက်ရှိမှာပဲ ၂၀၂၂ နှစ်လယ် အထိကို ရောက်နေပြီ ဖြစ်တာကြောင့် ဒီ သတင်းအတိုင်းသာ ဆိုရင် Nissan Leaf ရဲ့ သက်တမ်းက တကယ်ကို သိပ်မကျန် တော့ ဘူးလို့ပဲ သတ်မှတ် ရတော့မှာပါ။

Photo Credit: InsideEvs

လက်ရှိ အနေအထားအရတော့ Nissan LEAF ရဲ့ မျိုးဆက်သစ်ဆိုတဲ့ ကားမျိုးကို မတွေ့ရသေးပေမယ့် All-New Model အသစ် တစ်မျိုးမျိုးနဲ့တော့ အစားထိုး လာနိုင်ပါတယ်။ Automotive News အရတော့ Nissan ရဲ့ တာဝန်ရှိသူတွေ ဒီ သတင်းကို အတည်လည်း မပြုထားသလို ငြင်းဆန်ထားတာမျိုးလည်း မရှိတာ ကြောင့် တကယ်ဆိုရင်လည်း သိပ်တော့ အံ့အားသင့်စရာ ရှိမှာ မဟုတ်တော့ပါဘူး။ တကယ်တော့ ယူကေရဲ့ ဆန်းဒါးလန်း စက်ရုံမှာ ဆိုရင် CMF-EV Platform ပေါ် အခြေခံထုတ်လုပ်ထားမယ့် လျှပ်စစ် Crossover အသစ်တစ်စီး ရှိနေပြီ ဆိုတာကို သိထားနှင့်ပြီးပါပြီ။ အဆိုပါ ကားသစ်ကလည်း လာမယ့် ၂၀၂၅ မှာ စတင် ထုတ်လုပ်မယ် ဆိုထားတာကြောင့် Nissan LEAF ကို အစားထိုးမယ့် ကားဆိုတာတော့ သေချာပေါက် မှန်းဆလို့ ရနေပါတယ်။ Nissan ရဲ့ ယခင် CEO ဖြစ်ခဲ့ သူ Carlos Ghosn ရဲ့အဆိုအရ တော့ အဆိုပါ Nissan Leaf ကားက လျှပ်စစ်ကားတွေ အတွက် ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့တယ်ဆိုပေမယ့်လည်း သူ့ရဲ့ မျှော်လင့် ချက်တွေကို အပြည့်စုံဆုံး ဖြည့်ဆည်း ပေးနိုင်ခဲ့တာမျိုးတော့ မဟုတ်ဘူးလို့ သိရပါတယ်။ လျှပ်စစ်ကားတွေ နဲ့ ပတ်သက်လာရင်တော့ Nissan က အစောဆုံးနဲ့ ကြီးကြီးမားမား စတင်ရင်းနှီးမြုပ်နှံခဲ့တာဖြစ်ပြီး ထုတ်လုပ်ရေး စက်ရုံ ၃ ရုံ ၊ NEC နဲ့ ပူးပေါင်းထားတဲ့ ဘက်ထရီထုတ်လုပ်ရေး စက်ရုံ တို့အပြင် လက်ရှိ အချိန် အထိ လျှပ်စစ်ကားသစ် ၄ မျိုး မိတ်ဆက်ကာ အောင်မြင်မှုတွေလည်း ရထားတာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

ဒါပေမယ့်လည်း ကံမကောင်းတာကတော့ နောက်ပိုင်း ရောင်းအားတွေက ထင်ထားတာထက် ကျဆင်းလာတာ ဖြစ်ပါတယ်။ ထုတ်လုပ်‌ရေးပိုင်းမှာ ဆိုရင် အမေရိကန် ၊ Tennessee ပြည်နယ် ၊ Smyrna စက်ရုံတစ်ရုံ ထဲကနေပဲ ဘက်ထရီ ပေါင်း ၁၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အကြားကို ထုတ်ပေးနိုင်ဖို့ မျှော်လင့်ခဲ့ တာပါ။ ဒါပေမယ့် အကောင်းဆုံး နှစ်တစ်နှစ် ဖြစ်ခဲ့တဲ့ ၂၀၁၄ တုန်း က ဆိုရင်တောင် Nissan က အမေရိကမှာ ကားအစီးရေ ၃၀,၂၀၀ အထိ ရောင်းခဲ့ ရတာ ကြောင့် အခု ပမာဏဟာ အမေရိက ဈေးကွက်ထဲမှာကို တစ်ဝက်လောက် ကျဆင်းသွားခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် Nissan တို့ အနေနဲ့ သူတို့ရဲ့ ရောင်းချရေးအပိုင်း ဗျူဟာအပြောင်းအလဲတွေလုပ်ဖို့ စီစဉ် လာခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် All-New BEV Models အသစ်တွေ ထွက်လာတဲ့ အချိန်အထိကို Nissan  Leaf ကလည်း Nissan Ariya နဲ့ အတူတူ လောက်ပဲရှိနေနိုင် တော့မယ့် သဘောပါပဲ။ လာမယ့် ၂၀၃၀ အရောက်မှာတော့ Nissan အနေနဲ့ ကားသစ် ၁၅ မျိုး လောက်အထိ ချပြနိုင်ဖို့ စီစဉ်နေပြီး အမေရိက ဈေးကွက်ထဲမှာတင် Nissan ရဲ့ လျှပ်စစ်ကားရောင်းအားတွေကို အဆိုပါနှစ် အရောက်မှာ ၄၀% လောက် အထိ ရှိထားဖို့ ရည်မှန်း နေပါတယ်။ လက်ရှိ မှာတော့ Nissan Ariya ဆိုတာကလည်း သီးခြား မော်ဒယ်တစ်ခု အနေနဲ့ပဲရပ်တည် နေတာကြောင့် Leaf ရဲ့ နေရာ ကို အစားထိုးမှာ နောက်ထပ် ကားအသစ်လား ဆိုတာကတော့ မသေချာသေးပြန်ပါဘူး။ တစ်ချို့ကလည်း ၂၀၂၁ တုန်းက Concept အနေနဲ့မြင်ခဲ့ရတဲ့ Nissan Chill-Out Concept ကားက Leaf နေရာ အစားထိုးလာ နိုင်တယ်လို့ ဆိုနေကြတာ ကြောင့် စိတ်ဝင်တစား စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs