လွန်ခဲ့တဲ့ ၉ နှစ်တုန်းကပဲ Nissan က Datsun Brand ကို ပြန်အသက်သွင်းလာခဲ့ပြီး အထူးသဖြင့် ဈေး သက်သာပေမယ့် ခပ်ညံ့ညံ့ကားတန်းတစ်မျိုးကို ထုတ်လုပ်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် အိန္ဒိယ၊ ရုရှား ၊ အင်ဒိုနီးရှားနဲ့ တောင်အာဖရိက နိုင်ငံဈေးကွက်တွေအတွက်ကို ဦးတည်ခဲ့တာ ဖြစ်ပြီး ရုရှားနဲ့ အင်ဒို ဈေး ကွက်တွေထဲမှာ ကတော့ ၂၀၂၀ ကတည်းက ပြန်ဖြုတ် သွားခဲ့ပြန်ပါတယ်။ အခုဆိုရင်တော့ လက်ကျန် ဈေးကွက်တစ်ခုဖြစ်တဲ့ အိန္ဒိယမှာပါ အဆုံးသတ်ပြီ ဖြစ်ကာ Datsun အရောင်းကိုယ်စားလှယ်တွေထဲ လက် ကျန် ရှိသလောက်ပဲ တောင်အာဖရိကနိုင်ငံတွေဆီ အဓိက ရောင်းချတော့မှာ ဖြစ်ပါတယ်။ အဆိုပါ ကားတွေ ကိုတော့ အိန္ဒိယမှာ အခြေစိုက် ထုတ်လုပ်နေခဲ့တာ ဖြစ်ပြီး Nissan India ရဲ့ ကြေညာချက် အရတော့ အခု လက်ရှိ ဝယ်ထားတဲ့ သူတွေရော လက်ကျန် Datsun Brand ကားတွေ ကို ဝယ်မယ့်သူတွေ အတွက်ပါ After Sale ဝန်ဆောင်မှုကို အလေးပေးတဲ့ အနေနဲ့ အပိုပစ္စည်းတွေ ၊ အာမခံမှုတွေကို ပါ နိုင်ငံတွေနဲ့တစ်ဝန်း ရနိုင်အောင် ဆက်လက် စီစဉ်ပေးထားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။
Nissan ကတော့ သူတို့ရဲ့ ကမ္ဘာ့ဈေးကွက် အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားနေတာနဲ့ တစ်ပြိုင်နက် ဝယ် ယူသူတွေ ၊ အရောင်းကိုယ်စားလှယ်တွေ အတွက် အဓိကပိုပြီး ဆွဲဆောင်မှုလည်းရှိ ၊ အရည်အသွေးလည်း အာမ ပိုခံနိုင်မယ့် အဓိက ကားမော်ဒယ်တွေ ဘက်ကိုသာ အာရုံစိုက်လာတာပါ။ အဆိုပါ စီမံကိန်းအရတော့ India နိုင်ငံထဲမှာ ဆိုရင်လည်း All-New Nissan Magnite အသစ်ကို ထုတ်လုပ်ပေးနေကာ လက်ရှိ မှာ တင်ပဲ မှာယူထားသူပေါင်းက 100,000 ကျော် အထိ ရှိနေပြီလို့ သိရပါတယ်။ အဆိုပါ Nissan Magnite ကားသစ်ကတော့ အခု ဖယ်ထုတ်လိုက်ပြီ ဖြစ်တဲ့ Datsun ကားတွေ နေရာဝင်လာတာ ဖြစ်ဖို့များပါတယ်။ ဒါကြောင့်လည်း Datsun ကားတွေရဲ့ အဆုံးသတ် ကိုပါ ကြိုမြင် နေခဲ့ကြရတာပါ။ Datsun ရဲ့ တစ်ကျော့ ပြန် ပထမဆုံး ကားကတော့ GO လို့ အမည်ရပြီး ချပြခဲ့ပြီး နှစ် အနည်းငယ် အကြာမှာတင် အများအပြား ထုတ်လုပ်ဖို့ စီစဉ်ခဲ့ကြတာပါ။ ဒါပေမယ့်လည်း အခုတော့ ကံသိပ် မကောင်း ခဲ့တဲ့ အဆိုပါ Datsun ကားတွေ အစား ပိုကောင်းတာတွေနဲ့ အစားထိုးနိုင်ဖို့ အတွက် ဖယ်သင့်တာကို ဖယ်လိုက်တဲ့ သဘောပါပဲ။
အဆိုပါ ကားနဲ့ ပတ်သက်ပြီး တစ်ခု ဆိုးသွားတာကတော့ လုံခြုံရေးအပိုင်းဖြစ်ပြီး အမေရိကန် စံချိန်လောက် မကောင်းတဲ့ Global New Car Assessment Program ( NCAP ) က စစ်ဆေးခဲ့တာတောင်မှ Star တစ် လုံးမှ မရခဲ့ တဲ့အထိ ဖြစ်ခဲ့ရတာပါ။ ဒါကြောင့်လည်း ဝယ်ယူအားပေးမယ့် သူတွေဘက်က နေစိတ်ဝင်စားမှု တွေ ဆက်တိုက် ကျဆင်း ခဲ့ ရတာဖြစ်ပြီး အလားတူ တန်ဖိုးနည်းကားတွေခြင်း အတူတူတောင် တစ်ချိူ့ကား တွေက လုံခြုံရေး အပိုင်း ကို အလယ်အလတ် အဆင့်လောက်အထိတော့ ပေးနိုင်နေခဲ့သေးတာ ဖြစ်ပါတယ်။ နမူနာပြရမယ် ဆိုရင်တော့ Suzuki Expresso နဲ့ Kia Picanto တို့လို ကားမျိုးတွေ ဖြစ်ပြီး လူကြိုက်လည်း များခဲ့ကြပါတယ်။ အခုလိုမျိုး Datsun အပိုင်းကို ပြန်လည် ရပ်တန့်ပစ်လိုက် နိုင်တာကြောင့် Nissan အနေ နဲ့လည်း ဒေါ်လာ ၃ ဘီလီ ယံ လောက်အထိကို ကုန်ကျစရိတ် ချွေတာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ အဲ့ဒီကနေ ပြန်ထွက်လာမယ့် ငွေပမာဏတွေကိုတော့ ကုမ္ပဏီ ရဲ့ အဓိက လျှပ်စစ်ကား အပိုင်းမှာ ပြန်ပြီး ရင်းနှီးမြုပ်နှံ လာနိုင်ဖို့ ရှိနေပါတယ်။ Nissan ရဲ့ ဒီဇိုင်းပိုင်း ခေါင်းဆောင် နဲ့ မကြာသေးမီက အင်တာဗျူးမှာ ဆိုရင်လည်း သူတို့ချပြထားခဲ့တဲ့ Nissan Ariya က လျှပ်စစ် ကားတွေ ရဲ့ ခြေလှမ်းအစသာ ရှိသေးတယ်လို့ ဖော်ပြထားတာကြောင့် မကြာခင်မှာပဲ နောက်ထပ် လျှပ်စစ်ကားသစ်တွေ ချပြလာဖို့ ရှိနေခဲ့ပါပြီ။
Ref: carbuzz.com
Photo Credit: CARBUZZ