ဂျပန် ထိပ်တန်း ကားကုမ္ပဏီကြီး Nissan ရဲ့ ၂၀၁၇ ခုနှစ် တုန်းက Nissan Leaf ဆိုတဲ့ လျှပ်စစ် ကားကို ထုတ်လုပ်ပေး ခဲ့အပြီးနောက် ပထမဆုံး မိတ်ဆက်လာခဲ့တဲ့ All-New Electric Nissan Ariya လျှပ်စစ်ကားလေး အပေါ် အတော်လေး မျှော်လင့် ချက်ကြီးမား ခဲ့ကြပါ တယ်။ တကယ်တမ်းတော့ အဆိုပါ ကားသစ်ကို ၂၀၂၁ နှစ်လယ် ပိုင်းလောက်မှာ ချပြ နိုင်ဖို့ စီစဉ်ထား ခဲ့ကြပေမယ့် Chip ပြားနဲ့ အခြား သော ကုန်ကြမ်း ထောက်ပံ့မှုတွေ ပြတ်လပ်နေတဲ့ အနေအထား ကြောင့် Nissan တို့ မူလရည်မှန်းထားတာထက် နောက်ကျပြီးမှသာ ချပြ နိုင်ခဲ့တော့တာပါ။ ဒါပေမယ့် အခုလို နှောင့်နှေးမှုတွေကတော့ အခုဆိုရင် ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပြီး ဂျပန် ဈေးကွက်ထဲမှာ အခု မေလ က စလို့ ကားသစ် တွေ ပို့ဆောင် ပေးနိုင်နေပြီ ဖြစ်ပါတယ်။ အခု လာမယ့် နွေရာသီမှာတော့ ဥရောပ ဈေးကွက်ထဲကိုပါ စတင်ပို့ဆောင် ပေးနိုင် တော့မှာ ဖြစ်ပြီး အမေရိကဈေးကွက်ကိုတော့ အစောဆုံး မှာယူထားသူတွေတောင်မှ ၂၀၂၂ ရဲ့ ဆောင်းရာသီ အထိ စောင့်ဆိုင်း ရဖို့ ရှိနေ ပါသေးတယ်။

Photo Credit: InsideEvs

လက်ရှိမှာတော့ အဆိုပါ Nissan Ariya ကားသစ် မှာယူမှု တွေကို အမေရိက ဈေးကွက်ထဲမှာ ခေတ္တ ရပ်နားထားလိုက် ပြီဖြစ်ပြီး ပို့ဆောင် ပေးနိုင်တဲ့ ပမာဏထက်ကို ပိုများနေလို့ပဲ ဖြစ်ပါတယ်။ ဈေးကွက် အစုံကို မရောက်သေးပေမယ့် လည်း လက်ဝယ်မြင်ထား ရပြီဖြစ်တဲ့ ကား တွေထဲကမှ Autogefuhl ရဲ့ Review ကို ကြည့်ရသလောက် ကတော့ ဒီကား က အခုလို ကားအမျိုးအစားတန်းမှာ အရွေးသင့်ဆုံးသော လျှပ်စစ်ကားတစ်စီး ဖြစ်နေတာ တွေ့ရမှာပါ။ အခု Autogefuhl ရဲ့ Thomas ဆိုသူက ဥရောပ Specs တွေပါဝင်လာတဲ့ Nissan Ariya FWD ကားလေးကို Review လုပ်ပေးထားတာ ဖြစ်ပါတယ်။ အဆိုပါ Review Video လေးထဲမှာတော့ ကားရဲ့ အတွင်းအပြင်တွေ အသေး စိတ် အပြင် မောင်းနှင်ရတဲ့ အတွေ့အကြုံတွေကိုပါ လက်တွေ့သုံးသပ်ပြထားပြီး အတော်လေး ကောင်းတဲ့ မှတ်ချက်တွေကိုတော့ ကားလေး က ပေးနိုင်ခဲ့တာပါ။ ပထမဆုံး အထင်ကြီးစေတာ ကတော့ ကားရဲ့တည်ဆောက်ပုံနဲ့ အတွင်းခန်း အရသာ တွေဖြစ်ပြီး ၁၂.၃ လက်မ အရွယ် ကျယ်ပြန့်တဲ့မျက်နှာပြင်နဲ့ Display ကလည်း အတော်လေး ဆွဲဆောင်မှု ရှိစေပါ တယ်။  ဒါ့အပြင် အလယ်ကနေ ဆွဲထုတ်လို့ရတဲ့ Console ၊ Dashboard အလယ်မှာ လျှပ်စစ်ပစ္စည်းတွေ ထည့်သိမ်းထားလို့ ရမယ့် နေရာနဲ့ Wooden ပေါင်းထားတဲ့ Climate Control စနစ်တွေ အပြင် Rearview Mirror ရဲ့ ဒီဂျစ်တယ် လုပ်ဆောင်ချက် တွေကလည်း စွဲမက်စရာ ကောင်းနေတာပါ။

Photo Credit: InsideEvs

ကားရဲ့အတွင်းခန်း နေရာကျယ်ဝန်းမှုကို ကြည့်မယ်ဆိုရင်တော့ အရပ် ၆ ပေ ၂ လက်မ ရှိတဲ့ Thomas ကိုယ်တိုင် အတော်လေး လွတ်လွတ် လပ်လပ်နဲ့ အရှေ့ရော အနောက်မှာပါ ထိုင်‌နိုင်တဲ့ အထိ အဆင်ပြေပါတယ်။ ဒါ့အပြင် အပေါ်ကို မော့ကြည့်လိုက်ပြန်ရင်လည်း အမိုးအပြည့် နီးပါး Panoramic Sunroof က တကယ်ကို လွင့်မြောနေမယ့် ခံစားချက်ကို ပေးစွမ်းနိုင်ပြီး အခြားသော Compact လျှပ်စစ် SUV ကား တွေ ရဲ့ အတွင်းခန်း နဲ့ ယှဉ်ရင်တောင် အတော် ကို လွတ်လပ်မှုကို ပေးနိုင်တယ်ဆိုတဲ့ မှတ်ချက်ကို ရနိုင်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းတွေပဲ ကောင်း တာလား ဆိုပြန် တော့လည်း လျှပ်စစ်မော်တာ တစ်လုံးနဲ့ Front-Wheel Drive တို့ပါတဲ့ ကားရဲ့မြန်နှုန်း စွမ်းဆောင်ရည် ကပါ အထင်ကြီး စရာ ကောင်းနေပြန်တာပါ။ ကားက အကွေ့တွေမှာလည်း တော်တော်လေးကို ထိန်းချုပ်ရကောင်း မောင်းကောင်းနေပြီး ဘီးတွေကလည်း ၁၉ လက်မ အရွယ်နဲ့ အသံဆူညံမှုကလည်း မကြားရသလောက်ကို လျှော့ထားပေး ထားနိုင်တာကြောင့် အတော်လေး အထင်ကြီးဖို့ ကောင်း နေပါတယ်။ Nissan Ariya မှာတော့ အရှေ့ရော အနောက်ဘက် တွေမှာပါ Double Pained မှန်တံခါးတွေ တပ်ဆင် ပေးထားတာပါ။ အခုကားကို စမ်းမောင်းကြည့်တဲ့ အခါမှာ တော့ ရာသီဥတုကလည်း ကောင်းမွန်နေပြီး တစ်ခါ အားအပြည့် သွင်းထားတာနဲ့ ပဲ မိုင် ၂၈၀ နီးပါး အထိကို မောင်းနိုင် ခဲ့ပါတယ်။ ဒါတောင်မှ ဒါဟာ ကားရဲ့ Standard Battery နဲ့ပဲ မောင်းနှင်တာ ဖြစ်လို့ သာမန်ထက်တောင် ပိုတဲ့ စွမ်းဆောင်ရည်ကို ပြန်ရနေတာဖြစ်ပြီး အားနည်းချက် တစ်ချို့ ရှိကောင်း ရှိနေနိုင်ပေမယ့်လည်း Compact SUV လျှပ်စစ် ကားတွေထဲ တော့ အရွေးချယ်သင့်ဆုံးကားတစ်စီးအဖြစ် ရှိနေခဲ့ပြီပဲ ဖြစ်ပါတယ်။

Ref: InsideEvs