လျှပ်စစ် စွမ်းအင်တွေ အကြောင်း ပြောကြပြီ ဆိုရင်တော့ ဂျပန် ကုမ္ပဏီကြီး Nissan ကလည်း ရည်မှန်းချက် ကြီးကြီး နဲ့ ခြေလှမ်းကျဲနေတာမို့ သွားရှုပ်လို့မရဘူး ဆိုတဲ့အထဲမှာ ပါပါတယ်။  Nissan ကတော့ ၎င်းရဲ့ အကျိုးတူ စီးပွားဖက်တွေနဲ့အတူ လာမယ့် ၂၀၃၀ အရောက်မှာမှ  EVs အသစ် ၃၅ မျိုး အထိကို ထုတ်လုပ် သွားနိုင်ဖို့ မျှော်လင့်နေပါတယ်။ အခုလို ဘက်ထရီလျှပ်စစ် အနာဂါတ်ရဲ့ တစ်စိတ်တစ်ပိုင်း အဖြစ်တော့ အခု လာမယ့် ဆောင်းဦး လောက်မှာ မြင်လာရနိုင် တဲ့ Nissan Ariya နဲ့အတူ Fully-Electric Nissan Micra တို့ကိုပါ စတင် မိတ်ဆက်လာဖို့ ရှိနေပါပြီ။ Electric GT-R ကား ဖြစ်လာနိုင်တယ် ဆိုတာမှအပ ကုမ္ပဏီ ဘက်ကတော့ အခြားသော စွမ်းဆောင်ရည် အသားပေး ကားတွေနဲ့ ပတ်သတ်လို့ အခုထိတော့ မပြောသေး ပါဘူး။ Nissan European ဥက္ကဌ Guillaume Cartier ရဲ့ပြောဆိုပုံအရ Nismo ကို အနာဂါတ် လျှပ်စစ် စွမ်းအင် ခေတ်ကြီးထဲမှာ စွမ်းဆောင်ရည် အသားပေးအဖြစ် ယူဆောင်ချင်နေပုံ ရပါတယ်။ Nismo ဆိုတာ ကတော့ သူတို့ရဲ့ အနှစ်သာရ တစ်ခုပဲဖြစ်ပြီး တစ်ဖန် ပြန်အသက်သွင်း ချင်တယ် ဆိုရင်လည်း ဟုတ်သလို ကားတစ်စီးကို Nismo အရသာလေးနဲ့ စွမ်းဆောင်ရည် အပြည့် မောင်းနှင် စေချင်လား မေးရင်တော့ ဟုတ် တယ်လို့ပဲ ဖြေရမှာ ဖြစ်တယ်ဆိုပြီး ဥက္ကဌ ကိုယ်တိုင်က ပြောကြားခဲ့ဖူးပါတယ်။

Photo Credit: CARBUZZ

ဒီလိုမျိုး Nismo ကို လျှပ်စစ်စွမ်းအင်သုံး စွမ်းဆောင်ရည်မြင့်ကားအဖြစ် မြင်ရမယ်ဆိုရင်တော့ တစ်ချို့သော ပရိသတ်တွေအဖို့ စိတ်ပျက်စရာ ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ ခြုံကြည့်ရင်လည်း Nismo ရဲ့ ဂုဏ်ပုဒ်တွေ က တိကျခိုင်မာတဲ့ အကြောင်းပြချက်များစွာ ရှိခဲ့လို့ပါပဲ။ အဓိက  ပြောင်းလဲလာတဲ့ စွမ်းဆောင်ချက်ကတော့ Skyline ကား တွေကနေ Supercar တွေကိုတောင် ယှဉ်လာနိုင်တဲ့ 400R လို ကားမျိုးတွေက Porsche နဲ့ Ferrari တို့လို့ နာမည်ကျော် ပြိုင်ဘက် တွေကိုတောင် တုန်လှုပ်စေခဲ့တာပါ။ ဒါဆိုရင် ဘာတွေ ဆက်ဖြစ် လာမလဲ ဆိုတာ မျှော်မှန်းရခက် နေသေးသလို ဥက္ကဌ အနေနဲ့လည်း အများကြီး ထုတ်မပြောထားသေး ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ်  Nismo ကို Inspire ယူပြီး ဖန်တီးထားတဲ့ Nissan Leaf ကတော့ အချိန်မရွေး ပြောင်းလဲ ထွက်ပေါ်လာ နိုင်ပါတယ်။ တစ်ဖက်မှာလည်း ပိုကောင်းတဲ့ Ariya ရဲ့ အခြေအနေကို မေ့ထားလို့ မရသေးပဲ ဘက်ထရီလည်း ပိုကြီးကာ စွမ်းဆောင်ရည်လည်း ပိုကောင်းတာကြောင့် ဒီထက် ပိုမြင့်တဲ့ အဆင့် တစ်ခုကို ခေါ်ဆောင်သွားနိုင်လောက်ပါတယ်ဆိုပြီးလည်း Cartier ကိုယ်တိုင်က ဆိုထားဖူးတာ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြောကြားချက်တွေ အရ ဆိုရင်တော့ လျှပ်စစ် စွမ်းအင်သုံး Nismo တွေသာ တကယ် ထွက် လာဖြစ်ရင် သီးသန့် Suspension နဲ့ အင်ဂျင်တွေကို မြင်လာရဖို့လည်း ရှိနေပြန်တာပါ။

Photo Credit: CARBUZZ

Nissan အနေနဲ့ ကတော့ အမေရိက ဈေးကွက်ထဲမှာ သာမန် Internal Combustion Engine တွေ ထုတ် လုပ်တာကို စတင်ရပ်တန့်လာပြီဖြစ်ပြီး အခုမြင်နေရတဲ့ All-New Z ကားလိုမျိုး အင်ဂျင်နဲ့ စွမ်းဆောင်ရည် မြင့် Nissan ကားတွေ ကို အမေရိက ဈေးကွက်ထဲ ထပ်မြင်ရဖို့ မလွယ်ကူတော့ပါဘူး။ အခု လက်ရှိမှာတော့ သာမန် အင်ဂျင်တွေ ကနေ လျှပ်စစ်ကားတွေအဖြစ် ကူးပြောင်းဖို့ အဆင်သင့်မဖြစ်ကြ သေးသူတွေအဖို့ Nissan ရဲ့ သာမန် အင်ဂျင်သုံး နောက်ဆုံး ခေတ်တစ်ခေတ်ကို အပြည့်အဝခံစားကြဖို့လိုပြီ ဖြစ်ပါတယ်။ အသံ ခပ်ကျယ်ကျယ် မောင်းရတဲ့ အရသာနဲ့ ဂီယာ တစ်ချက်ချင်း ထိုးပြီး ကိုယ်ကြိုက်တဲ့ ဂီယာမှာ မောင်းလို့ ရမယ့် အရသာတွေ ကတော့ အနာဂါတ်မှာ ခံစားလို့ မရတော့မှာ သေချာနေပါပြီ။ ဒါပေမယ့်လည်း ဘယ်လို ပဲ ဖြစ်ဖြစ် စိတ်လှုပ်ရှားစရာ စွမ်းဆောင်ရည်မြင့်ကားတွေကို ဖန်တီးတဲ့နေရာမှာတော့ Nissan တို့က အထာ နပ်ပြီးသား ဖြစ်လို့ အခု Nismo ကားတွေ ရဲ့ လားရာကလည်း ဘယ်လို ဖြစ်လာမလဲ၊ တကယ်ပဲ လာမယ့် နှစ်တွေထဲမှာ လျှပ်စစ်ကားတွေ အဖြစ်ကို ကူးပြောင်း လာတော့မှာလား ဆိုတာ ကတော့ စောင့်ကြည့်ချင် စရာ ကောင်းနေပြီပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကုမ္ပဏီဘက်က ပြောထားဖူးတဲ့ GT-R လျှပ်စစ် ကားတွေ ကလည်း စိတ်ဝင်စားစရာ ကောင်းနေပြီး စွမ်းဆောင်ရည်ပိုင်းမှာ လတ်တလော နာမည်ကြီးနေတဲ့ Tesla Model S Plaid ကို ကောင်းကောင်း ယှဉ်မယ့် ကားတစ်စီး ဖြစ်လာနိုင်ပါတယ်။

Ref: carbuzz.com