အခု ဆယ်စုနှစ် အကုန်လောက် မှာတော့ Nissan ဟာ သူတို့ရဲ့ Nismo Performance Division လက်အောက်ကနေ လျှပ်စစ် စွမ်းအင်သုံး Bespoke Sports ကားတစ်စီးကို မိတ်ဆက်လာဖို့ ရှိတယ်လို့ ဆိုထား ပါတယ်။ လက်ရှိ အချိန်အရတော့ အဆိုပါ ကားနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေဟာ ရှားပါး အလှမ်းဝေးနေနိုင် သေးပေမယ့်လည်း ကုမ္ပဏီ တာဝန်ရှိသူ တစ်ယောက်ရဲ့ သတင်းစကားတွေအရ ဆိုရင်တော့ ကားက ဘာအတွက် ရည်ရွယ်ပြီး ဘယ်လို အခြေအနေတွေအတွက် ထွက်ပေါ်လာမှာလည်းဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရလာ နိုင်ပါတယ်။ Nissan Nismo ရဲ့ CEO ဖြစ်သူ Takao Katagiri ကတော့ အနာဂတ် ယူကေ အပါအဝင် ဥရောပ ဈေးကွက်ဟာ Nissan အတွက် အတော်လေး အရေးပါနေတာဖြစ်ပြီး Nismo Brand အောက်ကနေ အလန်းစား ကားတစ်စီးကို ချပြပေးလာမှာ ဖြစ်တယ်လို့ ဆိုထားလိုက်တာ ဖြစ်ပါတယ်။

Photo Credit: InsideEvs

ကားသစ်က ဘယ်အချိန်လောက်မှာ ထွက်လာမလဲ ဆိုတာကို အတိအကျ မပြောနိုင်သေးပေမယ့်လည်း သေချာတာ တစ်ခုကတော့ ဆယ်စုနှစ် တစ်ခုစာလောက်ကို စောင့်ဆိုင်းရနိုင်ပါသေးတယ်။ အကြောင်းက တော့ AutoCar ရဲ့ သတင်း အရ Nissan ဟာ အနာဂတ် လျှပ်စစ်ကားတွေမှာ စွမ်းဆောင်ရည် ပိုကောင်းနိုင်တဲ့ Solid State ဘက်ထရီ တွေကိုသုံးစွဲဖို့ ဖြစ်ပြီး လက်ရှိမှာ စမ်းသပ်ဆဲ ဖြစ်တာကြောင့်ပါပဲ။ ဒီ နည်း ပညာကြောင့် ဆိုရင်တော့ Nissan က လာမယ့် ၂၀၂၈ လောက်မှာ စတင် အသုံးပြုလာနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အခြေအနေတွေ အရတော့ အခု Electric Sports ကားသစ်လည်း အဆိုပါ အချိန်အပိုင်း အခြားလောက်မှာ ပဲထွက်ပေါ်လာဖို့ များပါတယ်။ သေချာတာ ကတော့ အဆိုပါ ကာလလောက်မှာ မိတ်ဆက်လာရင်တောင် ဈေးကွက်ထဲ ရောက်ဖို့က ၂၀၂၉ ဒါမှ မဟုတ် ၂၀၃၀ လောက် ဖြစ်သွားနိုင်တာကြောင့် ဆယ်စုနှစ် အကုန်လို့ ခန့်မှန်းထားတာပဲ ပိုအဆင်ပြေနိုင်ပြီး တစ်ဖက်မှာလည်း ပြိုင်ဘက်တွေ ဖြစ်ကြတဲ့ Porsche ၊ Polestar နဲ့ McLaren တို့လို ဆီကပါ အလားတူ စွမ်းဆောင်ရည်မြင့် ကားတွေကို စတင် မြင်တွေ့နေရလောက်ပါပြီ။

Photo Credit: InsideEvs

အခုနှစ် အစောပိုင်းတုန်းကတော့ Nissan အနေနဲ့ Max-Out ဆိုတဲ့ Concept ယာဉ်တစ်စီးကို ချပြခဲ့ဖူးပြီး လျှပ်စစ် သီးသန့်သုံး တံခါး ၂ ပေါက် ယာဉ်ပုံစံမျိုး ဖြစ်ပါတယ်။ ဒီ Concept ကို မြင်လိုက်ရတာနဲ့တင်ပဲ Nissan အနေနဲ့ Sports EV တွေအတွက် ဒီဇိုင်းပိုင်းကို ပြင်ဆင်ခြေလှမ်းနေပြီလို့ ယူဆလို့ရနိုင်ပါတယ်။ ကားက ကြည့်ရသလောက် လက်ရှိ GT-R တွေနဲ့ လုံးဝကို မတူညီနေတာကြောင့် အဆိုပါ Concept ထက် စာရင် လတ်တလော ရှိပြီးသား GT-R တွေကိုပဲ အဆင့်မြှင့်ကာ အစားထိုးလာလိမ့်မယ်လို့ ယူဆရပါတယ်။

Ref: InsideEvs