လျှပ်စစ် ကားကုမ္ပဏီသစ် Nio ကတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က တရုတ်နိုင်ငံ ၊ Hefei မှာပဲ Nio Day ဆိုတဲ့ နာမည်နဲ့ ပွဲကျင်းပကာ ကားသစ် ၂ စီး မိတ်ဆက် ပေးလိုက်ပါတယ်။ အဆိုပါ ၂ စီးထဲမှာ တစ်မျိုးက တော့ Brand အတွက် အသစ်ဝင်ရောက်လာတဲ့ အသစ်စက်စက် ကားတစ်စီးအဖြစ် Mid-Size SUV EC7 ပါဝင်လာပြီးနောက် တစ်စီးကတော့ ပုံပြောင်း Mid-Size SUV ES8 ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ကမှ တရုတ်ဈေးကွက် အတွင်းကနေ စတင်လာနိုင်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပေမယ့်လည်း မူလ ES8 ကားတုန်းကတည်းကကိုယ်ပိုင် Platform နဲ့ကို ပွဲထွက်လာ နိုင်ခဲ့တာပါ။ အဆိုပါ Platform ကို စမြင်ခဲ့ရပြီးကတည်းက ES6 ၊ EC6 နဲ့ ES7 SUV ကားတွေအပြင် ET5 နဲ့ ET7 Sedan ကားတွေအထိကို ထုတ်လုပ်လာခဲ့နေပြီး ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု ထွက်ပေါ်လာတဲ့ ကားသစ် ၂ မျိုးကလည်း ကုမ္ပဏီရဲ့ နောက်ဆုံးပေါ်  Electric Platform ပေါ်မှာပဲ ထုတ်လုပ်လာတာ ဖြစ်ပြီး Air Suspension စနစ်တွေ ၊ လျှပ်စစ်မော်တာ ၂ လုံးတွဲတွေနဲ့ အတူ 644 hp အထိ စွမ်းဆောင် လာနိုင်ပါလိမ့်မယ်။ ဒါကြောင့် EC7 ကားမှာ ဆိုရင် တစ်နာရီ ၆၂ မိုင် အထိ အရှိန်တင်ဖို့ကို ၃.၈ စက္ကန့် လောက်ပဲ ကြာမြင့်မှာ ဖြစ်ကာ ES 8 ဆိုရင်တော့ ၄.၁ စက္ကန့်ပဲ ကြာမြင့်မှာပါ။ ဘက်ထရီ တွေ အနေနဲ့ကတော့ 75 kWh နဲ့ 100 kWh ပမာဏတွေဆိုပြီး ‌ရွေးချယ် နိုင်ပါလိမ့်မယ်။ အခု  Platform မှာ ထူးခြားတာကတော့ မောင်းသူမဲ့ နည်းပညာတွေအတွက် Lidar Sensor တွေအပြင် Orin X Computer Chips ‌လေးခုအထိ ထည့်ပေးထားတာပါပဲ။ Nio ကတော့ မောင်းသူမဲ့ နည်းပညာပိုင်းဟာ Software တွေ အဆင့်မြှင့်တင် ပေးလာနိုင်တာနဲ့အမျှ အသုံးဝင်လာ မယ်လို့ဆိုထားပါတယ်။

Photo Credit: MotorAuthority

အတွင်းခန်းပိုင်းမှာတော့ EC7 က ထိုင်ခုံ ၂ တန်းနဲ့ ၅ ယောက်စီးဖြစ်ပြီး ES8 က ထိုင်ခုံ ၃ တန်းနဲ့ ၆ ယောက် စီး ဖြစ်ပါတယ်။ ES8 မှာတော့ ကုမ္ပဏီရဲ့ အခေါ်အရ Zero Gravity Posture ဆိုတဲ့ ခံစားမှုမျိုးရအောင် ကားထိုင်ခုံ ဆိုဖာကို အလိုအလျောက် မြှင့်တင်ပေးနိုင်တဲ့ စနစ်ပါဝင်ပါတယ်။ အဓိက ကတော့ ခရီးဝေးတွေ အတွက် သက်တောင့်သက်သာ ရှိစေဖို့ ဖြစ်ပြီး EC7 ကားမှာ ဆိုရင်တော့ အပူဒဏ်ခံနိုင်မယ့် ၂၁ စတုရန်းပေ လောက် ရှိတဲ့ မှန်အမိုးကြီးပါ ပါဝင်လာမှာပါ။ ဈေးတွေကတော့ EC7 က $ 60,000 ဝန်းကျင် ကျသင့်မှာဖြစ်ကာ ဘက်ထရီ အတွက် သီးသန့်ဈေးတွေနဲ့အတူ 75 kWh Battery ဆိုရင်တော့ $ 70,000 လောက်အထိ ရှိလာမှာပါ။ ES8 ကားဆိုရင်လည်း $ 65,800 လောက်ကျသင့်ပြီး ဘက်ထရီထပ်ပါမယ် ဆိုရင်တော့ 75 kWh ဘက်ထရီနဲ့ဆိုရင် $ 75,850 လောက် ဖြစ်လာမှာပါ။ Nio ကတော့ လျှပ်စစ် ကားမျိုးကွဲတွေကို တဖြည်းဖြည်းနဲ့ ခပ်များများ ထုတ်လုပ်လာနိုင်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာ တုန်းကလည်း ဥရောပဈေးကွက် တွေအထိကို ခြေဆန့်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက် နေ့တုန်းက လည်း ကုမ္ပဏီရဲ့ ယာဉ်ထုတ်လုပ်မှု အစီးရေ ၃၀၀,၀၀၀ မြောက် ကားအတွက် အမှတ်တရ အောင်ပွဲ ခံခဲ့ကြသလို လာမယ့် ၂၀၂၅ အရောက်မှာလည်း နိုင်ငံပေါင်း ၂၅ နိုင်ငံ ကျော်အထိ ဈေးကွက်တွေချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority