Mullen ဆိုတာကတော့ အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား ဒေသမှာ အခြေစိုက်ထားတဲ့ လျှပ်စစ်ကား ထုတ်လုပ် ရေး တက်သစ်စ ကုမ္ပဏီသစ် တစ်ခုပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ပြီးခဲ့တဲ့ လအနည်းငယ် လောက်မှာတင် ကုမ္ပဏီ ဘက်ကနေ ခြေလှမ်းတွေ ခပ်သွက်သွက် စလှမ်းလာခဲ့တာပါပဲ။ ဥပမာ ပြရမယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ၂၀၂၁ လော့အိန်ဂျလိပ်စ် ကား ပြပွဲကြီးမှာတင် Five လို့ အမည်ပေးထားတဲ့ Crossover ကို ချပြခဲ့ပြီး Tesla Model Y ရဲ့ ပြိုင်ဘက် ဖြစ်လာမယ်လို့လည်း ပြောကြား ခဲ့ဖူးပါတယ်။ အဆိုပါ ကားကို တော့ လာမယ့် ၂၀၂၄ မှာ $ 55,000 နဲ့ စတင် ရောင်းချမှာဖြစ်ပြီး တစ်ခါအားသွင်းထားရင် ၃၂၅ မိုင် Range အထိကိုလည်း ရောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လ တုန်းကလည်း Mullen ကနေ သူတို့ အနေနဲ့ Solid State Battery နည်းပညာသစ်ကို ကြိုးစား ဖန်တီးနေတယ်လို့ဆိုခဲ့ပြီး နောက်မျိုးဆက် သစ် Five ကားမှာ စတင်မြင်လာရနိုင်တာပါ။ အခုဆိုရင်တော့ သူတို့ အခြေစိုက်ရာ ကယ်လီဖိုးနီးယားဒေသ၊ Monrovia ဒေသရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေး စင်တာမှာပဲ ကိုယ်ပိုင်ဘက်ထရီတွေ စတင် ထုတ်လုပ်တော့မယ် လို့ ကြေညာလိုက်ပါပြီ။ အဆိုပါ စက်ရုံကတော့ ယခင် တုန်းက မအောင်မြင်ခဲ့တဲ့ လျှပ်စစ်ကား ကုမ္ပဏီသစ် Coda က စတင် ရင်းနှီး မြုပ်နှံခဲ့တာ ဖြစ်ပြီး ၂၀၁၄ မှာပဲ Mullen တို့က လက်လွှဲယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီ နောက် ၂၀၁၇ အရောက်မှာတော့ Monrovia စက်ရုံ အဖြစ် စတင် အကောင် အထည် ဖော်လာခဲ့တာပါ။

Photo Credit: MotorAuthority

အဆိုပါ စက်ရုံမှာတော့ Five Crossover ကားရဲ့ ဘက်ထရီတွေ အတွက်တင် မကပဲ နောက်ပိုင်း ထုတ်လုပ် ဖို့ စီစဉ်ထားတဲ့ ကုန်တင် ကားတစ်ချို့နဲ့ Sports Car တွေအတွက် ဘက်ထရီ တွေကိုပါ ထုတ်လုပ် ပေးမှာပါ။ အဆိုပါ Sports Car ကိုတော့ Dragonfly လို့ သိထားကြတာဖြစ်ပြီး ယခင် ၂၀၁၆ ကတည်းက ချပြခဲ့ပြီး တရုတ်ဈေးကွက်မှာတောင် လက်ရှိရောင်းချနေတဲ့ Qiantu K50 ကား ရဲ့ နောက်ထပ် Version တစ်မျိုး လည်း ဖြစ်ပါတယ်။ Mullen ရဲ့ CEO လည်းဖြစ် ဥက္ကဌ လည်း ဖြစ်တဲ့ David Michery ကတော့ အခုလို မျိုးကိုယ်ပိုင် ဘက်ထရီ တွေကို ထုတ်လုပ် လာနိုင်တာကနေ ကုန်ကြမ်း ပစ္စည်းတွေကို တစ်ဆင့် ဝယ်ယူနေ ရတဲ့ ကုန်ကျစရိတ်တွေ ကိုလည်းသက်သာ ‌သွားစေမှာဖြစ်ပြီး နောက်ပိုင်း အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ကို လိုက်ပြီး ဝယ်နေရခြင်းကိုလည်း လျှော့ချသွားနိုင်မှာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဆိုထား ခဲ့ပါတယ်။ Mullen အနေနဲ့ အမေရိက ဈေးကွက်ထဲမှာတင်ပဲ ကားသစ် တစ်ချို့တပ်ဆင် ထုတ်လုပ်လာနိုင်ဖို့ ရှိနေပါ တယ်။ မနှစ်ကတုန်းကပဲ Mississippi ဒေသမှာ ရှိတဲ့ Tunica မှာ စက်ရုံ တစ်ရုံ တည်ဖို့စီစဉ်နေခဲ့ပြီး အဆိုပါ စက်ရုံ မှာတော့ One လို့ သိထားတဲ့ ကုန်တင် Van ကား တစ်မျိုးကို ထုတ်လုပ်နိုင်ဖို့ ရည်ရွယ် ထားပါတယ်။ နောက်ပိုင်း လာမယ့် ၂၀၂၄ အရောက် မှာတော့ ကုမ္ပဏီ ဘက်ကနေ သူတို့ရဲ့ Five Crossover ကားတွေ ထုတ်လုပ် ရောင်းချမှုတွေကို စတင်လာတော့မှာ ဖြစ်ပြီး ယခင် ပြောထားသလိုမျိုး တရုတ် ကနေတစ်ဆင့် တင်သွင်းမှာထက် ကိုယ်တိုင် ထုတ်လုပ်ဖို့ပဲ ပိုများသွားပြီ ဖြစ်ပါတယ်။

Ref: MotorAuthority