လျှပ်စစ်ကား ကုမ္ပဏီ အသစ်တွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ Mullen ဆိုတဲ့ ကုမ္ပဏီကတော့ Solid State Battery နည်းပညာ အသစ်တွေကို စတင်ဖို့ ခြေလှမ်းနေပါပြီ။ အဆိုပါ ဘက်ထရီ နည်းပညာ အသစ် ကတော့ အဓိကအားဖြင့် Range တွေ၊ အားသွင်းကြာချိန်နဲ့ လုံခြုံရေးပိုင်းတွေမှာ ပိုပြီး စိတ်ချလာရစေမှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ Mullen အနေနဲ့ အဆိုပါ ဘက်ထရီ နည်းပညာကို စတင် အသုံးပြုဖို့ စီစဉ်နေ ရာမှာတော့ Range အားဖြင့် တစ်နာရီ မိုင် ၆၀၀ လောက်အထိ ရနိုင်အောင် ကြိုးစားရည်မှန်းထားပြီး 150 kWh Battery ကိုလည်း သုံးဖို့ရှိနေတာပါ။ DC Fast Charging အမြန် အားသွင်းစနစ်ကိုသာ သုံးမယ်ဆိုရင် တော့ ၁၈ မိနစ်လောက် အားသွင်းလိုက်ရုံနဲ့တင် မိုင် ၃၀၀ လောက် အသာလေး မောင်းနိုင်မယ်လို့ ကုမ္ပဏီ ဘက်က ပြောကြားထားပါတယ်။

Photo Credit: MotorAuthority

ဒါပေမယ့်လည်း အဆိုပါ ဘက်ထရီသုံး ကားသစ်တွေကို လာမယ့် ၂၀၂၅ လောက်မှသာ ကုမ္ပဏီဘက်က စတင် ထုတ်လုပ်နိုင်ဖို့ လျာထားတာကြောင့် အခုကတော့ စောသေးတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် သူတို့ ရဲ့ ပထမဆုံးသော ကားမော်ဒယ်ဖြစ်တဲ့ Five Crossover ကားကို စတင်ရောင်းချအပြီး နောက်တစ်နှစ် လောက်မှာပဲ အခု ဘက်ထရီ အသစ်နဲ့ ကားတွေလည်း ထွက်ပေါ်လာနိုင်ပါသေးတယ်။ တကယ်လို့ စမ်းသပ် ချက်တွေ အောင်မြင် ခဲ့မယ်ဆိုရင်တောင်မှ Mullen အနေနဲ့ သူတို့ရဲ့ Five Crossover ကား ဒုတိယမြောက် မျိုးဆက်လောက်အထိကို မချပြနိုင်လောက်သေးဘူးလို့လည်း သိရတာကြောင့် သေချာတာကတော့ စောင့်ရ ဦးမှာပါ။ ဒါပေမယ့် အဆိုပါ ကားရဲ့ ဒုတိယမြောက် မျိုးဆက်ကလည်း အခု ဆယ်စုနှစ် အကုန်လောက်မှသာ ဖြစ်နိုင်တာကြောင့် ဘယ်အချိန်မှ အဆိုပါ ဘက်ထရီ ကားတွေကို မြင်ရမလဲ ဆိုတာကတော့ ဒွိဟဖြစ်နေဆဲ ပါ။ လက်ရှိမှာ အဆိုပါ ဘက်ထရီ နည်းပညာကို အောင်မြင်အောင် ကြိုးစားနေတဲ့ ကုမ္ပဏီတွေလည်း အများ ကြီး ရှိနေပြီး နာမည်ကြီး Volkswagen တို့ဆို ရင်လည်း လာမယ့် ၂၀၂၅ လောက်မှာ Solid State Battery တွေကို မိတ်ဆက်လာဖို့ ရှိနေပါတယ်။ Nissan ကလည်း ၂၀၂၈ လောက်မှာ ဖြစ်နိုင်မယ်လို့ ဆိုထားပြီး BMW နဲ့ Mercedes-Benz တို့ ဆိုရင်လည်း အခု ဆယ်စုနှစ် အကုန်လောက်မှာ ဖြစ်လာဖို့ များနေပါတယ်။ ဒါပေမယ့် အဆိုပါ နည်းပညာကို ပထမဆုံး မိတ်ဆက်လာမယ့် ကုမ္ပဏီကတော့ Toyota ဖြစ်လာနိုင်ပြီး မကြာခင် ထွက်လာမယ့် Hybrid ကားတွေမှာတင် စတင်မိတ်ဆက်လာဖို့ ရှိနေတာပါ။

Photo Credit: MotorAuthority

တကယ်တော့ Solid State Battery တွေဆိုတာ အရမ်းကြီး ဆန်းသစ်နေတဲ့ နည်းပညာတစ်ရပ် မဟုတ်ပေ မယ့်လည်း တကယ်တမ်းမှာတော့ ကားလောကအတွက် အသုံးပြုဖို့ရာ အသစ်အဆန်း ဖြစ်နေခဲ့တာပါ။ Mullen ကုမ္ပဏီရဲ့ ပထမဆုံးသော Five Crossover ကားအသစ် ကိုတော့ လာမယ့် ၂၀၂၄ မှာ စတင် ချပြဖို့ ရှိပြီး Liquid Type ဘက်ထရီ နည်းပညာပါဝင်လာဖို့ များပါတယ်။ တစ်ဖက်က Tesla Model Y နဲ့ Volkswagen ID.4 တို့နဲ့ အဓိကပြိုင်ဘက် ဖြစ်လာမယ့် အဆိုပါ ကားဟာ ဆိုရင်တော့ Modular EV Platform တွေအပေါ် အခြေခံထားပြီး Standard အနေနဲ့ 95 kWh ဘက်ထရီကို သုံးထားတာဖြစ်လို့ Range ကတော့ ၃၂၅ မိုင် အထိ ရှိနေမှာပါ။  Base Model ကတော့ တစ်နာရီ မိုင် ၆၀ လောက် အထိ အရှိန် တင်မောင်းနှင်ဖို့ကို ၃.၂ စက္ကန့် လောက်ပဲ အချိန်ယူရတာတွေ့ရပြီး အမြင့်ဆုံး မြန်နှုန်း ကတော့ တစ်နာရီကို ၁၅၅ မိုင် အထိရှိပါတယ်။ Mullen ကတော့ အဆိုပါ ကားရဲ့ဈေးနှုန်းက အခြေခံအနေနဲ့ $ 55,000 လောက် က နေစတင်မယ်လို့ ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority