Honda ကတော့ ဂျပန်ရဲ့ နာမည်ကြီး MUJI နဲ့ ပူးပေါင်းပြီး လျှပ်စစ်စွမ်းအင်သုံး MS 01 ဆိုတဲ့ Scooter လေးကို အသစ် ထုတ်လုပ် ပေးလိုက်ပါတယ်။ အဆိုပါ Scooter လျှပ်စစ်စက်ဘီး လေးကတော့ ခေတ်ပေါ်ကိုမှ MUJI ရဲ့ ထုံးစံအတိုင်း ရိုးရှင်းပြီး Minimalist ဆန်တဲ့ ဒီဇိုင်းကို သုံးထားတာ တွေ့ရကာ စက်ဘီးရဲ့ ကိုယ်ထည်ပိုင်းနဲ့ စွမ်းအင်တွေကိုတော့ Honda ရဲ့ နည်းပညာတွေ အသုံး ပြုထားပါတယ်။ ဒီဇိုင်းပိုင်းကိုတော့ MUJI ရဲ့ Artistic Director Kenya Hara က ဖန်တီးရေးဆွဲထားပြီး ကုမ္ပဏီရဲ့ H-Type စက်ဘီးလေးနဲ့ အခြားသော ရိုးရှင်းသပ်ရပ်တဲ့ တီထွင်ဖန်တီးမှုကို အမှီပြုကာ ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ သက် တောင့်သက်သာ ဖြစ်စေမယ့် ခြေတင်စရာနဲ့ ထိုင်လိုက်ရုံ ဖြစ်တဲ့ အဆိုပါ MS 01 လေးကတော့ အတော်လေး ရိုးရှင်းလှပနေတာ ဖြစ်ပြီး U ပုံစံ ကိုယ်ထည်နဲ့ ခြေနင်း အနေတော် အရွယ်တို့က စက်ဘီး စီးနင်းသူ ဘယ်လို အရွယ်ပဲ ဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရှိနေစေမှာပါ။ ဒါ့အပြင် အခု စက်ဘီးလေးမှာတော့ မူလအရ သာ လက်ကိုင်တွေကိုလည်း ထည့်သုံးပေးထားတာကြောင့် ဈေးနှုန်းတွေလည်း လျော့သွားစေသလို ထိန်းချုပ်ရတာလည်း တကယ်ကို ရိုးရှင်းနေမှာပါ။ ဒါကြောင့် အခု ခေတ်ပေါ် လျှပ်စစ် စက်ဘီး လေးတွေမှာ မြင်နေကျ ဖြစ်တဲ့ အခြားသော လုပ်ဆောင်ချက် အတော်များများ ကိုတော့ မြင်ရမှာ မဟုတ်ပါဘူး။

၁၇ လက်မ အရွယ်ဘီးတွေ ကလည်း စက်ဘီးလေးကို ဘယ်လို သာမန်လမ်းမျိုးမှာမဆို ကောင်းကောင်း သွားလာနိုင် အောင် အထောက်အကူ ပေးထားနိုင်ပြီး Honda ယာဉ်တွေရဲ့ ဒီဇိုင်း အငွေ့အသက် တွေကိုလည်း ခံစား ရစေပါတယ်။ ဒါ့အပြင် 400 W ရှိတဲ့ လျှပ်စစ်မော်တာ ကလည်း အမြင့်ဆုံး ၁ နာရီကို ၁၆ မိုင် နှုန်းအထိ အရှိန်တင်နိုင် သေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် Regenerative EBS Power စနစ်လည်း ပါရှိပြီး 48V/20 Ah Lithium Battery လည်း ပါဝင် သေး တာကြောင့် အားတစ်ခါ သွင်းလိုက်တာနဲ့တင် ၄၁ မိုင် အထိကို အေးဆေး အသုံးပြုလို့ ရဦးမှာပါ။ ဒါကြောင့် ပုံမှန် ပဲ စီးမယ် ဆိုရင် တစ်ပတ်ကို ၁ ခါ ဒါမှမဟုတ် ၂ ခါ လောက်ပဲ အားပြန်သွင်းရမှာ ဖြစ်ကာ နေ့လည်မြို့တွင်း သွားတာ လာတာအတွက်လောက် ကတော့ တကယ်ကိုအေးဆေးပါပဲ။

Photo Credit: InsideEvs

လက်ရှိ မှာတော့ အဆိုပါ လျှပ်စစ် စက်ဘီးလေးကို တရုတ်ဈေးကွက်မှာပဲ ရောင်းချနေသေးတာဖြစ်ပြီး အစီးရေ ကလည်း ၅,၀၀၀ အထိပဲ ထုတ်လုပ် ပေးသွား မယ်လို့ သိရပါတယ်။ အဆိုပါ စကူတာလေး တစ်စီးကိုတော့ တရုတ်ယွမ် ၄,၉၈၀ လောက် ကျသင့်နိုင်တာကြောင့် အမေရိကန် ဒေါ်လာနဲ့ ဆိုရင် ၇၄၄ ဒေါ်လာ လောက် ရှိနိုင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာ တစ်ချက်ကတော့ Honda နဲ့ MUJI တို့က သူတို့ ရဲ့ အဆိုပါ စက်ဘီးလေးတွေကို အခြား ဈေးကွက် တွေထဲ တင်ပို့ရောင်းချ ပေးရင်တောင် အခုလိုမျိုး ဈေးသက်သက်သာသာနဲ့ ရနိုင်မှာ မဟုတ်ဘူးလို့ သိလိုက်ရတာပါပဲ။ ရိုးရှင်းပြီး လှပတဲ့ ဒီဇိုင်းပိုင်းနဲ့ ပွဲထွက်လာတဲ့ အဆိုပါ လျှပ်စစ် စက်ဘီးလေးကတော့ အခြားသောဈေးကွက်တွေထဲမှာ ဆိုရင်လည်း ပြိုင်ဆိုင်စရာတွေ ၊ လျှပ်စစ် စကူတာတွေနဲ့ ထိပ်တိုက်တွေ့ရဦးမှာ သေချာ နေပါတယ်။

Ref: InsideEvs