Fiat Ducato ကားအမျိုးအစားပေါ်မှာ အခြေခံဖန်တီးထားတဲ့ Arto RV ဆိုတဲ့ Motorhome ကြီး တစ်စီးကို တော့  Niemann+Bischoff တို့ကနေ ဖန်တီးပေးလိုက်ပါတယ်။ အဆိုပါ ဂျာမနီ အခြေစိုက် RV ကား ဖန်တီးရေး လုပ်ငန်းဆီက ထွက်လာသမျှ ကားတိုင်းကတော့ တကယ့်ကို ဇိမ်ခံအရသာ အပြည့်နဲ့ဆိုတာ မျှော်လင့်လို့ ရနေပါတယ်။ အခု ကားကြီးကို ဆိုရင်လည်း Wheelbase ပမာဏ ၂ မျိုးအပေါ် မူတည်ပြီး ရရှိနိုင်ကာ အရှည် ၃ မျိုးခွဲပြီးလည်း ရွေးချယ်နိုင်ပါသေးတယ်။ ကားတွေ ကတော့ အတိုဆုံးဆိုရင် ၂၅.၅ ပေက စတာဖြစ်ပြီး ဝယ်ယူချင်သူတွေအဖို့ စိတ်ကြိုက် နီးပါးအပြင်အဆင်တွေ ထည့်နိုင်အောင် ရွေးချယ် စရာတွေက များလွန်းလှပါတယ်။ Wheelbase အရှည်နဲ့ ကားမှာ ဆိုရင်တော့ ဝင်ရိုးကို ၂ ခု အစား အလေးချိန် ပိုခံနိုင်အောင် ၃ ခုအထိ ထည့်ပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

Fiat Ducato ပေါ်မှာ အခြေခံထားတဲ့ ကားလည်း ဖြစ်တာကြောင့် ခရီးသည် ဒါမှမဟုတ် ယာဉ်မောင်းဘက်က သီးသန့် ပြတင်းပေါက် ရယ်လို့ မပါဝင်ပါဘူး။ ဒါကိုလည်း ရွေးချယ်ဝယ်ယူတဲ့ Customer တိုင်းက ပိုသဘောကျကြပြီး အဓိကကတော့ အကာ အရံအားဖြင့် ပိုကောင်းတာရယ် HVAC ပိုင်း ပိုနေရာရတာရယ်ကြောင့် ဖြစ်ပါတယ်။ ကားရဲ့ အပြင်ဘက်မှာတော့ အရောင် အတော် စုံစုံလင်လင်ကို ပေါင်းစပ်ဖန်တီး ထားနိုင်တာ တွေ့ရပြီး Glass Fiber တွေ ပေါင်းထားတဲ့ ပလတ်စတစ်တွေနဲ့ လည်း ရရှိနိုင်မှာပါ။ အဆိုပါ သတ္တုပိုင်း တွေကြောင့်လည်း ကားက ပုံမှန်ထက် ပိုပေါ့သလို ခြစ်ရာထင်ရာတွေ ကိုလည်း တော်ရုံတန်ရုံ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ အခု ကားကို မှာယူချင်တဲ့ သူတွေအနေနဲ့ ထိုင်ခုံ ၄ လုံး၊ အပြည့်အစုံ တပ်ဆင် ပြီးသား မီးဖိုချောင် ၊ ရေချိုးခန်း ၊ နားနေခန်းနဲ့ Queen Size အိပ်ယာတို့ကို အနိမ့်ဆုံး အပြင်အဆင် အနေနဲ့ စတင် ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် Roller Garage အတွက်ကိုလည်း ကားရဲ့ အနောက်ဘက်မှာ ထပ်ရွေးချယ်လို့ ရသေးတာဖြစ်ပြီး မော်တာ တပ်ဆင်ထားတဲ့ Scooter တစ်စီး စာလောက်တော့ အတော် လေး ရပါတယ်။ အတွင်းခန်း အတွက် ရွေးချယ်စရာတွေ ကလည်း တော်တော်ကို များပြီး Oak သားနဲ့ Furniture တွေအပြင် ပိုပြီး ကြည့်ကောင်းစေမယ့် အသွင် သဏ္ဍာန်မျိုး ရစေမယ့် Upholstery တွေကို လည်း ပြင်ဆင်နိုင်ပါသေးတယ်။

Photo Credit: motor 1.com

အခု ကားအတွက် အသုံးတည့်စေမယ့် တစ်ခြားသော Equipment အပိုင်းတွေလည်း ရှိသေးတာ ဖြစ်ပြီး အသိသာဆုံး တစ်မျိုး ကတော့ Lithium Energy Pack ဖြစ်ကာ ဒေါ်လာ ၈,၈၀၀ လောက် ကျသင့်တဲ့ အပြင် ၁၂၃ ပေါက် လောက်အထိလည်း လေးတဲ့ ဘက်ထရီ သဘောမျိုးဖြစ်ပါတယ်။ အဓိက ကတော့ အဆိုပါ Pack ထဲမှာ ဆိုလာ Modules ၂ ခု ၊ ဘက်ထရီ ၃ တုံးနဲ့ အားသွင်း ဖို့ Charger တစ်ခုစာတို့ တစ်ပါတည်းပါထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Charging Pack ကြီး တစ်ခုလုံးကို အားသွင်းရမယ် ဆိုရင်တော့ ၉ ရက် လောက်အထိကို ကြာနိုင်လိမ့်မယ်လို့ သိရပါတယ်။ အခု ကားကတော့ Motorhome ကားကြီး တစ်စီးလည်း ဖြစ်တာကြောင့် ကားရဲ့ ကြမ်းခင်းဈေးက‌တင် $ 92,300 ကနေ စတင်လာမှာဖြစ်ပြီး တကယ်လည်း လမ်းပေါ် ရောက်တိုင်း လူတကာ ဝိုင်းငေးရမယ့် ကားကြီးတစ်စီးဖြစ်လို့ နေမှာတော့ သေချာပါတယ်။

Ref: motor 1.com