Mitsubishi တို့ကတော့ ပြင်သစ် နာမည်ကျော် Renault နဲ့ ပူးပေါင်း ပြီး ASX ဆိုတဲ့ ကားကို ပြီးခဲ့တဲ့ လပိုင်းတုန်းက ချပြ မိတ်ဆက် ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ ကားအပြီး ကားသစ်မိတ်ဆက်တာ မရှိသေး‌တဲ့ Mitsubishi က အခု ဆိုရင် အာဆီယံ ကားဈေးကွက်ထဲ အဓိက ဦးစားပေးလာမယ့် Crossover အသေးတစ်မျိုး အတွက် XFC ဆိုတဲ့ Concept ကား တစ်စီးကို ချပြလာခဲ့ပါပြီ။ အဆိုပါ Concept ကားကိုတော့ ဗီယက်နမ်ရဲ့ ဟိုချီမင်း မြို့တော်ကြီးမှာ ချပြမိတ်ဆက်ခဲ့တာဖြစ်ပြီး နေ့စဉ်လူနေထိုင်မှုဘဝနဲ့ ကိုက်ညီကာ ပိုပြီးလေးနက်လှပတဲ့ ဒီဇိုင်းနဲ့ ကားကောင်းတစ်စီး ဖြစ်လာ လိမ့်မယ်လို့လည်း ဖော်ညွှန်းထားပါတယ်။ Concept အရတော့ Mitsubishi ရဲ့ အရသာအတော် များများကို ဆက်မြင် တွေ့ထားရပြီး L ပုံစံ LED မီးကြီးပိုင်းတွေကို Louver ပုံစံ Daytime Running Lights တွေနဲ့လည်း တွဲဖက် ပေးထားပါတယ်။ အနောက် ဘက်မှာလည်း အလားတူ မီးရောင်အပြင်အဆင်တွေကို ထည့်သွင်းပေးထားတာဖြစ်ပြီး ပုံပြောင်း Illuminated Hexagonal Shapes လေးတွေကလည်း ကားရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာ လှလှပပပါဝင် လာတာ တွေ့ရပြီး သာမန်ဘက်မှန်တွေအစား ကင်မရာတွေကို သုံးထားတာလည်း တွေ့ရပါတယ်။

Photo Credit: motor 1.com

အတွင်းခန်းမှာတော့ Screen တွေနဲ့ ခေတ်လွန်ဒီဇိုင်း အပြည့်ကိုပဲသုံးထားပြီး Climate Settings တွေအတွက် ပိုလွယ်ကူထိရောက်တဲ့ ခလုတ်တွေ ထည့်ပေးထားပါသေးတယ်။ အလယ်တည့်တည့်မှာ Touchscreen နဲ့အတူ Floating Screen နောက်တစ်ခုနဲ့ Stop/Start Button ခလုတ်တွေကိုလည်း သိသိသာသာ မြင်နိုင်ပါသေးတယ်။ ကားရဲ့ စတီယာတိုင်ကတော့ အောက်ဘက်အပြား ဒီဇိုင်းနဲ့ဖြစ်ပြီး Hexagonal Touch Buttons တွေကိုလည်း ထည့်ပေးထားကာ HVAC Module တွေနဲ့ တံခါး ဘောင်ပေါ်မှာလည်း Controls ခလုတ်တစ်ချို့ ပါလာသေးတာကို မြင်ရမှာပါ။ ဒီဇိုင်းပိုင်းမှာ သိသာနေတာကတော့ အရှေ့ဘက် ခုံတွေနဲ့ အနောက်ဘက်ထိုင်ခုံတွေ ဆီက အဝါရောင် လိုင်း လေးတွေဖြစ်ပြီး Cabin တစ်ခုလုံးကိုလည်း  ဒီအတိုင်းပဲ သုံးပေးထားပါတယ်။ အခု Concept အရတော့ ကားက ကြမ်းခင်း ခပ်ပြားပြားကြီးကြီးကိုမှ အနောက်ခန်း ကျယ်ကျယ် ဖြစ်လာနိုင်ပြီး ခရီးသည် ၃ ယောက် လောက်ကို အနောက်မှာ ကောင်းကောင်း လိုက်ပါနိုင်မှာပါ။ Mitsubishi ကလည်း Crossover အသေးတွေရဲ့ အတွင်းခန်း အကျယ် နဲ့ အနောက်ခန်း ပစ္စည်းတင်စရာ နေရာကျယ်တို့ရအောင် ပိုလုပ်ပေးထားမယ်လို့ကို ဆိုထားတာပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

စက်ပိုင်းဆိုင်ရာ အချက်အလက်တွေကို မသိရသေးပေမယ့် ကားသစ်မှာတော့ ရေလွှမ်းနေတဲ့ လမ်းတွေပေါ်မှာတောင် ကောင်းကောင်း ထိန်းကြောင်း မောင်းနှင်နိုင်မယ့် Wet ဆိုတဲ့ Driving Mode အသစ်တစ်မျိုး ပါဝင်လာမယ် ဆိုတာ ကိုကြိုတင် သိရှိထားရပါတယ်။ ဒါ့အပြင် သိရသလောက်ကတော့ အဆိုပါ Driving Mode တွေအပြင် Normal ၊ Gravel နဲ့ Mud ဆိုတဲ့ နောက်ထပ် Mode အသစ်တွေလည်း ပါလာဖို့ ရှိနေ ပါတယ်။ ဒါပေမယ့်အခု Concept ကို တကယ်တမ်း ထုတ်လုပ် ဖြစ်တဲ့အခါမှာ လက်တွေ့နဲ့ ကိုက်အောင် လျှော့ချရတာတွေ ရှိလာနိုင်တာကြောင့် လှပတဲ့ မီးလုံး အိမ်အပြင် အဆင်တွေနဲ့ ဘေးဘက်မှန်တွေအစား ကင်မရာတွေကိုတော့ မ‌မျှော်လင့်ထားတာ ပိုကောင်း ပါလိမ့်မယ်။ ဒါပေမယ့် ကားအတွင်းခန်းထဲက  Touchscreen Screen အကြီး ၂ ခု ကိုကတော့ မြင်ရဖို့ရာ သေချာသလောက် ရှိနေနိုင်ပြီး အဲကွန်း ပိုင်းအတွက် သာမန် Air Vents တွေကို ဆက်ပြီး ထည့်ပေးလာနိုင်ပါတယ်။ ဒါ့အပြင် အခုမြင်နေရတဲ့ လက်မ ၂၀ အရွယ် ဘီးတွေကို ပါလာပါ့မလား ဆိုတာတော့ မသေချာသေးပဲ တစ်ချို့သော Touch Control တွေ နေရာမှာ လည်း သာမန် ခလုတ်တွေနဲ့လည်း ပြန်လည်အစားထိုး ထားတာတွေ ဖြစ်လာ နိုင်ပါသေးတယ်။ အဆိုပါ ကားကို ထုတ်လုပ်ပြီးရင်တော့ဗီယက်နမ် အပါအဝင် အာဆီယံ ‌ဈေးကွက်တွေထဲ  အဓိကထား ရောင်းချမှာ ဖြစ်ပြီး လာမယ့် ဧပြီ ၂၀၂၃ နဲ့ မတ် ၂၀၂၄ အကြားမှာ ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ အာဆီယံ ဒေသတွင်း ကားဈေးကွက်မှာ အောင်မြင် ခဲ့ရင်တော့ နောက်ထပ် ဈေးကွက်အသစ်တွေဆီကို ခြေလှမ်းလာဖို့ ရှိနေပါ တယ်။

Ref: motor 1.com