Kei ကားလေးတွေ ဆိုတာကတော့ ဂျပန် ကားဈေးကွက်ထဲက ထူးထူးခြားခြား ကားအမျိုးအစားလေးတွေ ပါပဲ။ အခုလိုခေတ်တွေ ပြောင်းလဲလာတာတောင်မှ Kei ကားသေးသေးလေးတွေက ဂျပန်မှာ နာမည်ရနေဆဲ ဖြစ်ပြီး အခုဆိုရင် အဆိုပါကားလေးတွေလည်း လျှပ်စစ်စွမ်းအင် ဘက်ကို စတင် ကူးပြောင်းလာနေ ပါပြီ။ အခုဆိုရင်လည်း Mitsubishi ကနေ လာမယ့်နှစ် အင်ဒိုနီးရှားမှာ စတင်တပ်ဆင် ထုတ်လုပ်ပေးမယ့် Minicab-MiEV ဆိုတဲ့ Kei ကားသစ်လေး တစ်မျိုး ကို မိတ်ဆက်ပေးလိုက် ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားလေးကတော့လျှပ်စစ် စွမ်းအင်ကိုပဲ အသုံးပြုထားမယ့် လုပ်ငန်းသုံး ပို့ဆောင်ရေးယာဉ် အသေး အမျိုးအစားဖြစ်ပြီး e Peugeot iOn နဲ့ Citroen C-Zero ယာဉ်တွေမှာ အသုံးပြုခဲ့ဖူးတဲ့ i-MiEV Platform ကို အသုံးပြုထားတာလည်း ဖြစ်ပါတယ်။ Mitsubishi တို့ကတော့ အဆိုပါ လျှပ်စစ်ကား ထုတ် လုပ်မှု အပိုင်းတွေ ကို ကုန်တင်ကုန်ချ လုပ်ငန်းတွေအတွက် သင့်လျော်မယ့် ကားတစ်စီး ဖြစ်အောင် သေချာပြင်ဆင် ထုတ်လုပ် ပေးမှာပါ။ တကယ်တော့ အခုကားလေးက လုံးဝ အသစ်စက်စက် အခုမှ မြင်ဖူးတာမျိုး မဟုတ်ပဲ ယခင် ၂၀၁၁ ကတည်းက ဂျပန်မှာ ထုတ်ပေးနေခဲ့တဲ့ Minicab-MiEV ရဲ့ ပုံစံတူ Version တစ်မျိုးပဲ ဖြစ်ပါတယ်။ အစီးရေ ထောင်ဂဏန်း လောက်အထိကို ရောင်းချရထားတဲ့ အဆိုပါ ကားလေးဟာ လောလောဆယ် ဂျပန်ဈေးကွက် အတွက်တော့ ထုတ်လုပ်မှုတွေရော ရောင်းချမှုတွေပါ ခေတ္တ ရပ်ဆိုင်းထားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း ဝယ်လိုအား ဆက်များနေဆဲ ဂျပန်ဈေးကွက်ကြောင့် ပြီးခဲ့တဲ့ နိုဝင်ဘာ လပိုင်းတုန်းကပဲ ထုတ်လုပ်မှုတွေ ပြန်လည် စတင်တော့မယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခုကားသစ်ကို ကြေငြာခဲ့မှုနဲ့အတူ နောက်တစ်ချက် ထူးခြားတာကတော့ အခု Kei လျှပ်စစ်ကားသေး လေးကို ဂျပန် ပြင်ပဈေးကွက် တစ်ခုမှာ ထုတ်လုပ်ဖြစ် မယ်ဆိုတဲ့ အချက်ပါပဲ။ အခု ကားသစ်ကို နောက်နှစ်ကစလို့ ထုတ်လုပ်ပေးမယ့် စက်ရုံကတော့ အင်ဒိုနီးရှားမှာရှိတဲ့ Mitsubishi Motors Krama Yudha စက်ရုံပဲ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံကနေ တစ်နှစ်ကို ကားသစ်အစီးရေ ၂၂၀,၀၀၀ လောက်အထိ ထုတ်လုပ်ပေး ခဲ့တာ ဖြစ်ပြီး လက်ရှိ မှာ အလုပ်သမားပေါင်း ၃,၃၀၀ ခန့်နဲ့ လည်ပတ်လျက် ရှိနေတာပါ။ Mitsubishi အနေနဲ့ အခြား သော ကားတွေ ဖြစ်တဲ့ Pakero Sport ၊ Xpander နဲ့ Xpander Cross ကားတွေကို လည်း အဆိုပါ စက်ရုံမှာပဲ တပ်ဆင် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ အခု Minicab-MiEV ကားသစ်လေးကတော့ 40 hp နဲ့ 145 lb-ft Torque လောက်အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပြီး 10.5 kWh နဲ့ 16 kWh ဆိုပြီး ဘက်ထရီ ဆိုဒ် ၂ မျိုး အထိ ရွေးချယ်ဝယ်ယူ နိုင်ပါလိမ့်မယ်။ ကားလေးကို တစ်ကြိမ် အားသွင်းရုံနဲ့တင် ဘက်ထရီပေါ်မူတည်ပြီး ၆၂ မိုင် ဒါမှမဟုတ် ၉၃ မိုင် အထိ မောင်းနှင်နိုင်မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com