Mitsubishi ကတော့ ဂျပန် ဈေးကွက်ထဲမှာ Kei Car အမျိုးအစားဝင်တဲ့ eK X EV ကားလေးကို စတင် မိတ်ဆက် ပေးခဲ့ပါတယ်။ အဆိုပါ ကားလေးကတော့ လျှပ်စစ်စွမ်းအင်ကို သီးသန့်သုံးထားတာဖြစ်ပြီး eK X Range ထဲက ကားလေး တစ်စီးလည်း ဖြစ်ပါတယ်။ အခုလာမယ့် နွေရာသီမှာ စတင်ဝယ်ယူလာနိုင်မယ့် အဆိုပါ ကားလေးရဲ့ ဒီဇိုင်း ကတော့ Mitsubishi ဆီက မြင်ဖူးနေကျ ကားတစ်စီးစီးနဲ့တောင် ရင်းနှီးနေသလို ရှိနေပါတယ်။ တကယ်တော့ Mitsubishi Outlander ရဲ့ အသေးစား ကာတွန်း Version လေး‌လို့တောင် သတ်မှတ်ရမလို ဖြစ်ပြီး အရှေ့ နဲ့အနောက် မှာသာ ခပ်ထူးထူးနဲ့ ဖြတ်ချထားတဲ့ ကားရဲ့ကိုယ်ထည်ကို သုံး ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခု ကားလေးတွေဖြစ်တဲ့ eK X Kei Cars Series တွေ အကုန်လုံး ကို SUV အရသာလေးရအောင် အမြဲတမ်း ဖန်တီး ပေးနေကြတာ ဖြစ်တာကြောင့် သိပ်တော့ မထူးဆန်း ပါဘူး။

Photo Credit: motor 1.com

ကာတွန်း ကားထဲကလို ခပ်တိတိပုံစံလေးနဲ့ ကားအသေးလေးသာ ဖြစ်ပေမယ့်လည်း တစ်ခုကောင်းတာ က တော့ ဈေးသက်သာလွန်းတဲ့ ချစ်စရာလျှပ်စစ် ကားလေးတစ်စီး ဖြစ်နေတာပါပဲ။ အဆိုပါ ကားလေးရဲ့ တန်ဖိုး ကတော့ ဒေါ်လာ ၁၄,၀၀၀ လောက်ပဲ ရှိမယ်လို့ သိရတာကြောင့် တကယ်မဆိုးဘူးလို့ ဆိုရမှာပါ။ အဆိုပါ တန်ကြေးနဲ့ ကားလေး က တစ်ခါအားသွင်းထားရုံနဲ့တင် ၁၁၂ မိုင် အထိ မောင်းနှင်နိုင်မှာဖြစ်ပြီး မြို့တွင်း လောက်ပဲ မောင်းမယ့်သူတွေ အတွက် ကတော့ အကြိုက်တွေ့စေမှာ အမှန်ပါ။ ဘက်ထရီကလည်း 20 kWh Battery ကို သုံးပေးထားပြီး ၈ နာရီ အတွင်း အားအပြည့်သွင်းနိုင်ကာ အလျှင်လိုတယ် ဆိုရင်တော့ မိနစ် ၄၀ အတွင်း အမြန်အားသွင်း စနစ်နဲ့ ၈၀ % လောက်အထိ သွင်းယူနိုင်ပါလိမ့်မယ်။ ဒီကိန်းဂဏန်း အချက်အလက် တွေကတော့ လုံလောက်မှုရှိတယ်လို့ ဆိုနိုင်ပြီး စာရင်းဇယားတွေအရလည်း Kei Car လေးတွေနဲ့ Compact ကားလေး‌တွေဟာ တစ်နေ့ကို ၃၁ မိုင် အောက်လောက်ပဲ ပျမ်းမျှ မောင်းလေ့ ရှိတယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

အခု ကားလေးကလည်း အရမ်းကြီး စွမ်းဆောင်ရည်မြင့်နေတာ မျိုးတော့ မဟုတ်ပေမယ့် 63 hp နဲ့ 144 lb-ft Torque အထိကိုတော့ မောင်းပြနိုင်ပြီး မြို့တစ်ပတ်ကောင်းကောင်း ပတ်ပြီး လုပ်စရာအလုပ်တွေကို လှည့်ကြည့်စရာ မလိုပဲနဲ့ ဆောင်ရွက် နိုင်မယ့် အထိတော့ စိတ်ချရပါတယ်။ Outlander ကားတုန်းက Nissan Rogue ၊ X-Trail ကားတွေနဲ့ ပူးပေါင်း ချိတ်ဆက် ထုတ်လုပ်ထားသလိုမျိုးပဲ အခု ကားလေးမှာ လည်း Nissan ရဲ့ အသစ်စက်စက် Kei Car လေး Sakura နဲ့ တွဲဖက်ထုတ်လုပ်လာတာပဲ ဖြစ်ပါတယ်။ အဆိုပါ Nissan Sakura ဆိုတာကလည်း Nissan Ariya နဲ့ ကာတွန်း Version ကားသေးလေးလို့ ဆိုရ လောက်အောင် ချစ်ဖို့ ကောင်းနေပြန်တာပဲ ဖြစ်ပါတယ်။

Ref: motor 1.com