ကားလောကထဲ Manual ဂီယာတွေ တဖြည်းဖြည်း လျော့နည်း ‌ပျောက်ကွယ်လာရတာက မောင်းတတ်တဲ့ သူတွေ နည်းလာလို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် ဒီပြဿနာကို Mini ကား ကုမ္ပဏီတို့က စတင် ဖြေရှင်းပေးတော့မှာ ပါ။ ကားကုမ္ပဏီကတော့ အမေရိကန်နိုင်ငံ ၊ ကယ်လီဖိုးနီးယား မှာရှိတဲ့ မူလမိခင်ကား Brand BMW ပိုင် BMW West Coast Driving School ကားမောင်း သင်တန်းနေရာမှာ Manual ကား မောင်းနည်းကို စတင်သင်ကြားပေးဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဆိုပါသင်တန်းကနေ အခုမှစပြီး Manual ကားမောင်းနည်းကို လေ့လာချင်တဲ့သူတွေ ဒါမှမဟုတ် မမောင်းတာကြာလို့ ပြန်ပြီး မောင်းကြည့်ချင်သူ တွေအတွက် စနစ်တကျ ပြန်သင်ပေးမှာ ဖြစ်တယ်လို့ Mini တို့က ဆိုထားပါတယ်။

Photo Credit: MotorAuthority

အမေရိကန်မှာ ရှိတဲ့ BMW ရဲ့ Performance Centers တွေ ၂ ခု ထဲက တစ်ခုမှာ အခုလို စတင်ဖွင့်လှစ်လာနိုင်တာ ဖြစ်ပြီး အခု ဖွင့်လှစ်လိုက်တဲ့ ကယ်လီဖိုးနီးယား စင်တာကတော့ Thermal Club Private ပြေး လမ်းဝင်းအတွင်း တည်ရှိပါတယ်။ ပုံမှန်အားဖြင့်ကတော့ BMW ရဲ့ M ကားတွေ အပါအဝင် ကားအတော် များများရဲ့ စွမ်းဆောင်ရည် ပိုင်း စမ်းသပ်ရာ နေရာဖြစ်ခဲ့ပြီး ၂၀၁၆ လောက်ကစလို့  Mini တို့အတွက် ဖြစ် လာခဲ့တာပါ။ Mini ရဲ့ Manual ကား မောင်းသင်တန်း ကတော့ Manual ကားမောင်းနည်းကို အခြေခံကျကျ သင်ပေးမှာဖြစ်ပြီး ကလပ်ကို လွတ်မသွားအောင် သေချာနင်းနည်းနဲ့ ကားစအထွက် ‌စက်သေတာမျိုး မဖြစ်ပဲ ချောချောမွေ့မွေ့ စမောင်းနိုင်အောင် အထိ သင်ကြားပေးမှာပါ။ Mini ကတော့ သင်ကြားမှုတွေ ပြီးဆုံးသွားရင်လည်း လာတက်ရောက်သူတွေကို ဘယ်လောက်အထိ ကျွမ်းကျင်သွားပြီလဲ ဆိုတာကိုပါ စစ်ဆေးပေးသွား ဦးမယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

Mini အနေနဲ့ ကတော့ သူတို့ရဲ့ ကားမော်ဒယ်အသစ် အတော်များများမှာလည်း Manual Gear တွေကို ရွေးချယ်စရာ တစ်ရပ် အနေနဲ့ ပြန်လည်ထည့်သွင်း ပေးနေပါတယ်။ ‌အစဦးတုန်းကတော့ Manual Gear‌ တွေ ထဲမှာမှ 6-Speed Manual ကို ကုန်ကြမ်း ပြတ်လပ်မှုတွေကြောင့် မရနိုင်ဖြစ်ခဲ့ရပြီး နောက်ပိုင်းမှသာ ပြန်လည်ထည့်ပေးနိုင်လိမ့်မယ် လို့ သိခဲ့ရတာပါ။ ဒါပေမယ့် အခုလအတွင်း Mini ရဲ့ ပြောကြားချက်အရတော့ 2023 Model ‌ကားတွေမှာတင် Manual Gear ကို ပြန်လည် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး နိုဝင်ဘာလကစလို့ မှာယူနိုင်ပြ လို့လည်း သိရပါတယ်။ အခုလက်ရှိ မှာတော့ Manual ဂီယာတွေကို တံခါး ၃ ပေါက်ပါ Headtop ကိုယ်ထည်နဲ့ Cooper ၊ Cooper S နဲ့ John Cooper Works Grade Mini ကားတွေမှာပဲ ရရှိနိုင်ဦးမှာပါ။ အခြားသော ကားသစ်တွေအတွက် Manual Gear နောက်ပိုင်း ဆက်ရလာနိုင် မလာနိုင်ဆိုတာက တော့ အတိအကျ မသိရသေးပဲ 8-Speed Automatic Transmission သာမန် အော်တို ဂီယာကိုတော့ လောလောဆယ်မှာ ရွေးစရာအဖြစ် ရှိထားတာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority