အမေရိကန် နိုင်ငံရဲ့ မီချီဂန် ပြည်နယ်ထဲမှာတော့ Cavnue ဆိုတဲ့ ကုမ္ပဏီတစ်ခုကနေ မောင်းသူမဲ့ယာဉ်တွေအတွက် သီးသန့်လမ်းကြောင်း တစ်ခုကို ဖန်တီးတော့မှာဖြစ်ပြီး I-94 လမ်းမကြီးရဲ့ ၂၅ မိုင်စာကို ဖောက်လုပ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အဆိုပါ လုပ်ငန်းအတွက်ကို အစပိုင်းကတည်းက ဒေါ်လာ ၁၃၀ မီလီယံ အထိ ရင်းနှီးမြုပ်နှံထားတာ ဖြစ်ပြီး အခု ဆိုရင်တော့ နာမည်ကြီး ကားကုမ္ပဏီ Ford ပါ ပါဝင် လာပြီ ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းကိုတော့ ယာဉ်နဲ့ လမ်းကြောင်းတို့ ချိတ်ဆက်ထားတဲ့ စင်္ကြန်လမ်း ဒီဇိုင်းအရ ဖန်တီးထားမှာဖြစ် ပြီး အရမ်း လမ်းရှုပ်နေတဲ့ နေရာတွေမှာတောင် မောင်းသူမဲ့ကားတွေ သွားရလာရ အဆင်ပြေအောင် ဖန်တီးပေးထားနိုင်မှာ ဖြစ်ပါ တယ်။ Cavnue ကုမ္ပဏီရဲ့ အဆိုအရတော့ အလိုအလျောက် ဘရိတ်စနစ်တွေနဲ့ စတီယာတိုင် အချိုးအကွေ့တွေက ဒီ သီးသန့် စင်္ကြန်လမ်းပေါ်မှာ ပိုပြီး အလုပ်ဖြစ်နေမှာပါ။ သာမန် လမ်းတွေထက် လူသား ယာဉ်မောင်းတွေရဲ့ လုပ်ဆောင်ချက်တွေ အတိုင်း အနီးစပ်ဆုံး တူညီနေမှာဖြစ် ကာ အဆိုပါ သီးသန့် လမ်းကြောင်းထက်က ကားတွေ ကလည်း တစ်စီးနဲ့ တစ်စီးချိတ်ဆက် ဆက်သွယ်နေဦးမှာ ဖြစ်ပါတယ်။ အဆိုပါ လမ်းကြောင်းသစ် နည်းပညာ ကတော့ မောင်းသူမဲ့ ကားတွေအပြင် သာမန် မောင်းနှင်နေမယ့် ကားတွေအတွက်လည်း လိုက်လျောညီထွေ အလုပ်လုပ် နိုင်မယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

ကနဦး အဆိုပြုထားတဲ့ လမ်းကြောင်းအပိုင်းကတော့ Detroit နဲ့ Ann Arbor တို့အကြားမှာ ဖြစ်ပြီး အဆိုပါ လမ်းပိုင်းက အဆိုးအ‌ကောင်း ရလဒ်တွေကို ကြည့်ကာ Michigan Avenue ဒေသမှာ တိုးတက်ဖို့ စီစဉ်သွားမှာပါ။ ဒါ့အပြင် အခုလို သီးသန့်စင်္ကြန်လမ်းတွေကို မီချီဂန်ရဲ့ အရှေ့တောင်ပိုင်း ဒေသတွေနဲ့လည်း ချိတ်ဆက်သွားနိုင်ဖို့ ရှိနေပြီး တကယ်လို့ ကောင်းကောင်းအောင်မြင်မယ် ဆိုရင်တော့ အမေရိကန် နိုင်ငံအနှံ့ ခြေဆန့်ဖို့ ရှိနေပါတယ်။ Ford က အခု လုပ်ငန်းမှာ အဓိက ကျောထောက်နောက်ခံ ဖြစ်လာတာကြောင့် ဒီလမ်းပေါ်က မောင်းသူမဲ့ ယာဉ်တွေ ကိုလည်း Ford ရဲ့ မောင်းသူမဲ့ စနစ်နဲ့ပဲ စတင် စမ်းသပ်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် အဆိုပါ စနစ်မှာတော့ OEM တွေ အဓိက လိုအပ်တဲ့ အချက်အလက်တွေဖြစ်ကြတဲ့ လမ်းပိုင်းဒေတာတွေ မှန်မှန်ကန်ကန် ဖတ်ရှုတာ ၊ ကောင်းကောင်း အာရုံခံ နိုင်စွမ်းတွေနဲ့ အခြား သော လုပ်ဆောင်ချက်တွေကိုလည်း သိရှိဖို့ လိုအပ်‌တာတွေကို အကုန် ထည့်ပေးထားမှာပါ။ ဒါပေမယ့် အဆိုပါလမ်းပိုင်းကို ဘယ်အချိန် လောက်မှာ လက်တွေ့စတင် ဖောက်လုပ်လာမလဲ ဆိုတဲ့ အချိန်ကိုတော့ ကုမ္ပဏီဘက်က မထုတ်ပြန် ထားသေးလို့ စောင့်ဆိုင်း ကြည့်ရဦးမှာ ပဲ ဖြစ်ပါတယ်။

Ref: MotorAuthority