နာမည်ကြီး ကားတာယာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Michelin ကတော့ မဝေးတော့တဲ့ အနာဂါတ်မှာ လေထိုးစရာ မလိုမယ့် Puncture-Proof တာယာစနစ် ဒါမှမဟုတ် Uptis ဆိုတဲ့ စနစ်ကို စသုံးလာဖို့ ရှိနေပါပြီ။ အဆိုပါ လေမလို တာယာတွေကို ပထမဆုံး စတင်မြင်တွေ့ရနိုင်တာ ကတော့ မျိုးဆက်သစ် Chevrolet Bolt ကားမှာ ဖြစ်နိုင်ပါတယ်။ အဆိုပါ သတင်းကိုတော့ Michelin မြောက်အမေရိကရဲ့ ဥက္ကဌ ဖြစ်သူ Alexis Garcin ကိုယ်တိုင် က CNN Business နဲ့ အင်တာဗျူးမှာ အတည်ပြုသွားခဲ့ပါပြီ။ သူတို့အနေနဲ့ အနာဂါတ် မျိုးဆက်သစ် Chevrolet Bolt ကားတွေကိုလေထိုးစရာမလိုတဲ့ နည်းပညာအဆန်းတွေနဲ့ပံ့ပိုးပေးလိုတာဖြစ်ပြီးလာမယ့် ၃ နှစ် ဒါမှမဟုတ် ၅ နှစ် လောက် အတွင်း ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ Chevrolet က သူတို့ရဲ့ ၂၀၂၁ မော်ဒယ်ကို ပြန်လည် ဆန်းသစ် ပေးထားတဲ့ နည်းနည်း ပိုအဆင့်မြင့် လာတဲ့ Bolt EUV ကားသစ်ကိုလည်း ချပြ ထားပါသေးတယ်။
ဒါကြောင့် အဆိုပါ ကားရဲ့ မော်ဒယ်အသစ်သာ ထွက်ပေါ်လာမယ် ဆိုရင်တော့ လာမယ့် ၂၀၂၅ လောက်မှသာ ဖြစ်လာနိုင်ပြီး နောက်ပိုင်းမှာ တော့ အဆိုပါ Bolt ဆိုတဲ့ နာမည်အတိုင်းပဲလား အသစ် ထွက်လာဦးမှာလား ဆိုတာ ကိုတော့ Chevrolet ဘက်က ဘာမှအတည်မပြု ပေး ထားသေးပါဘူး။ ဒါပေမယ့် အခုလို လေမလိုတဲ့ တာယာတွေ ကို အနာဂါတ် Bolt ကားတွေမှာမှ သုံးမှာ မဟုတ်ပဲ Michelin ကုမ္ပဏီက ပြီး ခဲ့တဲ့ ၂၀၁၉ လောက်ကတည်းက အဆိုပါ Bolt တွေမှာစမ်းသပ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် Bolt ကားတွေတင်မကပဲ ပြီးခဲ့တဲ့ ၂၀၂၁ ထဲမှာဆိုရင် လည်း အဆိုပါ နည်းပညာနဲ့ တာယာတွေကို Mini Cooper SE မှာ စမ်းသပ်သုံးစွဲခဲ့ဖူးပြီး အများပြည်သူသုံး လမ်းမတွေ ပေါ် အထိကို သုံး ခဲ့ဖူးပါသေးတယ်။ အဆိုပါ Michelin Uptis လေမလို တာယာတွေကို တရားဝင် စတင် မိတ်ဆက်ခဲ့တာ ကတော့ ၂၀၁၉ ခုနှစ် ကတည်းက ဖြစ်ပြီး တကယ်တမ်း အဆိုပါ နည်းပညာကို စတင် အကောင်အထည် ဖော်နေခဲ့တာကတော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကတည်းက ဖြစ်ပါ တယ်။
အခု နည်းပညာအသစ်နဲ့ ပတ်သက် လို့ကတော့ Michelin ကုမ္ပဏီ ရဲ့ နည်းပညာနဲ့ သိပ္ပံဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်သူ Cyrille Roget ရှင်းပြခဲ့သလိုပဲ Belts တွေ Spokes တွေထည့်သွင်းကာ ဖန်တီးထားတဲ့ တာယာတွေ ဖြစ်ပြီး ကားရဲ့ အလေးချိန်ကို ခံနိုင်ဖို့အတွက်လည်း Spokes တွေထဲမှာဆိုရင် အတော်လေးပါးပြီး အကြမ်းခံတဲ့ Fiberglass တွေကို သုံးထားတာ ဖြစ်ပါတယ်။ အခု နည်းပညာအသစ်မှာတော့ အမှားအယွင်းတွေလည်း ကင်းနိုင်ဖို့အတွက် နောက်ဆုံး ဒီဇိုင်း အဆင်မပြေခင်အထိကို ကုမ္ပဏီကနေ မူပိုင်ခွင့်ပေါင်း ၅၀ ကျော်အထိ အမျိုး မျိုး ပြင်ဆင်တီထွင် ခဲ့ရတာပါ။ အခု လေမလို တာယာရဲ့ အားသာချက်ကတော့ ကားဘီးပေါက်မှာကို မစိုးရိမ် ရတော့တာပဲ ဖြစ်ပါတယ်။ တာယာရဲ့ Pressure လျော့တာတွေ ၊ သေချာ မတပ်ဆင်ထားတာ တွေကြောင့် ဖြစ်လာရတဲ့ သာမန် ကားဘီးပေါက် မှုတွေကြောင့် အလ ဟာသဖြစ်ခဲ့ရတဲ့ ကားတာယာပေါင်းက သန်း ၂၀၀ လောက် ရှိနေပြီလို့လည်း သိရပါတယ်။ ဒါကြောင့် အခုလိုမျိုး လေမလိုတဲ့ တာယာနည်း ပညာအသစ်ကို မိတ်ဆက်လာနိုင်ခြင်းက နောက်ပိုင်းမှာ သာမန် တာယာတွေ ဆက်တိုက် ထုတ်လုပ်ပေးနေရတဲ့ ကုန်ကျစရိတ်တွေ ၊ ကုန် ကြမ်းတွေနဲ့ အခြားသော စွမ်းအင် သုံးစွဲမှုတွေ ကိုလည်း အများကြီး လျှော့ချသွားနိုင် တော့မှာပဲ ဖြစ်ပါတယ်။
Ref: motor 1.com