ပြီးခဲ့တဲ့ ဆယ်စုနှစ် တစ်ခုထဲက မာစီးဒီး ကားတွေထဲမှာ ဆိုရင်တော့ W 140 မျိုးဆက် ကားတွေကို အကောင်းဆုံးလို့ သတ်မှတ်ထားကြလေ့ ရှိပါတယ်။ ဒီဇိုင်းကောင်းပြီး ၊ အတော်လေး သက်တောင့်သက်သာ ရှိတဲ့ အပြင် ရှားပါးတဲ့ V 8 နဲ့ V 12 engine တွေနဲ့ အတူ စွမ်းဆောင်ရည်ပါ ကောင်းမွန်တာကြောင့် တစ်ပတ်ရစ် ကားဈေးကွက်တွေထဲ နာမည်ကြီး ပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားတွေက တစ်စတစ်စ ရှားပါးလာခဲ့ ပြီး အခုလိုမျိုး အသစ်အတိုင်း မြင်နေရသေးတဲ့ S600 ကားကို တွေ့ရတာတော့ တကယ်အံ့အားသင့်စရာပါပဲ။ အခုကားက ပြန်လည် ထိန်းသိမ်းထားတယ် ဆိုပေမယ့် အစအဆုံး ပြန်ဖြုတ်တပ် ထားတာမျိုးမဟုတ်ပဲ အတွင်းအပြင်တွေ အသေးစိတ်သေချာ ပြန်လည် သန့်ရှင်းထားတာ ဖြစ်ပါတယ်။ AMMO NYC ဆိုတဲ့ YouTube Video တစ်ခုကနေ တင်ဆက် ထားတဲ့ အဆိုပါ ကားအကြောင်းမှာတော့ V 12 Engine ကြီးနဲ့ သက်တမ်း ၈ နှစ်ကြာ အဆိုပါ ကားကြီးကို ကောင်းကောင်း ပြန်လည်ဆေးကြော ပေးထားတာ တွေ့ရမှာပါ။ အခုဆိုရင်တော့ အလန်းစားနဲ့ အကြီးစား Sedan ကားကောင်းကြီး တစ်စီးအတွက် လမ်းမတွေထက် ပြန်လည် ရောက်ရှိလာဖို့ အဆင်သင့်ဖြစ်နေခဲ့ပါပြီ။

Photo Credit: motor 1.com

အခု ကားရဲ့ ပြန်လည် ထိန်းသိမ်းတဲ့ အဆင့်တွေထဲမှာမှ ကားအောက်ပိုင်းတွေနဲ့ ဘီးဖုံးတွေကို သေချာဆေးကြော တာကနေ စတင်ခဲ့ပြီး Suspension ပိုင်း ၊ အိတ်ဇောပိုင်းနဲ့ အခြားအစိတ်အပိုင်းတွေ အတော်များများ အတွက်တော့ အထူး ကိရိယာတွေ သုံးပြီး သန့်ရှင်းရေး လုပ်ပေးထားပါတယ်။ အင်ဂျင် ပတ်ပတ်လည်ကိုလည်း တစ်ပိုင်းချင်းစီ အတွက် ဆေးကြောတဲ့ ပစ္စည်းတွေ အစုံအလင်ကို ဂရုတစိုက် သုံးပေးထား ရပါသေး တယ်။ ဒါပေမယ့် တကယ်တမ်း ပိုပြီး သီးသန့် ဂရုတစိုက် ပြင်ပေးရတာကတော့ အပြင်ဘက် ထက်စာရင် အတွင်းခန်းမှာ ပိုသိသာပါတယ်။ အရင်ဆုံး လေမှုတ်စက်တွေနဲ့ စုပ်ထုတ်ပြီးမှ Panels တွေ တစ်လျှောက်ကို ပြန်လည် သန့်စင်ကာရေနွေးငွေ့ အပူပေးတာ တွေလည်း ပြန်လုပ် ထားရပါတယ်။ လယ်သာထိုင်ခုံတွေကိုလည်း ပြန်လည်ဆေးကြောပြီး သီးသန့်ပစ္စည်းတွေ သုံးကာ သန့်စင်ထား ပြန်တာပါ။ ဒါ့အပြင် ကားအတွင်း မျက်နှာပြင်တိုင်းအတွက် ရေနွေးငွေ့ အပူပေးစနစ်တွေနဲ့အတူ သေချာ ဆေးကြော ပေးထားပါသေးတယ်။

Photo Credit: motor 1.com

ဒါတွေတင် မဟုတ်သေးပဲ S 600 ကားကြီးရဲ့ မူလ အလှအပတွေကို ပြန်မြင်‌ရစေဖို့အတွက် နောက်ထပ် အဆင့် တွေကိုလည်း အတော်လေး ဂရုတစိုက်ဖြတ်ကျော် ရပါသေးတယ်။ အဓိကတော့ မာစီးဒီးရဲ့ ရှားပါးကား ကောင်း တွေထဲကတစ်စီး အခုလိုမျိုး လမ်းမတွေထက် ပြန်ရောက်လာနိုင်တာကိုပဲ အတော်လေး ဝမ်းပန်းတသာ ကြိုဆိုကြရမှာပါ။

Ref: motor 1.com