Mercedes-Benz အနေနဲ့ သူတို့ရဲ့ Maybach အမှတ် တံဆိပ်ကို အနာဂါတ် အတွက် သီးသန့် EQ  လျှပ်စစ်ကား အမျိုး အစားတွေ အနေနဲ့ ထည့်သွင်းပေးလာမယ်ဆိုတာ အတည်ပြုထားပြီး ဖြစ်ပါတယ်။ အထူး သဖြင့် အဆိုပါ ကားသစ် တွေထဲကမှ ဈေးအကြီးဆုံးနဲ့ သီးသန့်အဆန်ဆုံးသော ကားကတော့ ပြီးခဲ့တဲ့ ဧပြီ လလယ်လောက်ကမှ ချပြထားခဲ့တဲ့ EQS SUV ပေါ် အခြေခံ ဖန်တီးထားမယ့် Maybach တစ်စီးပဲ ဖြစ်ပါ တယ်။ EQS ကိုမှ အခုလိုမျိုး Maybach အနေနဲ့ ထပ်ပြီး အလှဆင် အဆင့်မြှင့်တင်ကာ ခပ်ကောင်းကောင်း လျှပ်စစ် SUV တစ်စီး အနေနဲ့ ဆိုရင်တော့ သေချာပေါက် ကားဝယ်ယူ တွေကလည်း သဘောကျကြဦးမှာ ပါပဲ။ အခုဆိုရင်တော့ ပြီးခဲ့တဲ့ မြူးနစ်ကားပြပွဲကြီးမှာ မြင်ခဲ့ရတဲ့ Maybach EQS SUV က တကယ်ကို အစပဲ ရှိသေးတာဖြစ်ပြီးအခုဆိုရင် အဆိုပါကားကိုမှ ပိုပြီး အသေးစိတ်ကျလှတဲ့ အပြင်အဆင်တွေနဲ့ အတူ EQS SUV ရဲ့ ထုတ်လုပ်ရေးအဆင့် ရောက်နိုင်မယ့် ကားပုံစံကို စတင် မြင်တွေ့လာရပါပြီ။ အဆိုပါ ကားကိုမှ Maybach ရဲ့ အရသာလေးတွေကို ဒီဂျစ်တယ်ပုံကြမ်း အနေနဲ့ ထပ်ထည့်ကြည့်လိုက်ကြတဲ့ အခါမှာ တော့ အတော်လေးကို လှပကောင်းမွန် သေသပ်တဲ့ ကားတစ်စီးပုံစံ ထွက်လာတော့တာပါပဲ။

Photo Credit: InsideEvs

တကယ်တော့ အခုမြင်ရတဲ့ ပုံထဲက ကားကတော့ မနှစ်က EQS SUV ပုံစံကို ယူပြီး Maybach ရဲ့ ဒီဇိုင်းမှန်သမျှကို ပေါင်းထည့်ထားလိုက်တာ ဖြစ်ကာ Sedan တစ်စီးကို အခုလို ပြန်ပြောင်းထားတာထက်စာရင် အတော်လေးကို မိုက်တဲ့ အရသာရမှာ သေချာပါတယ်။ တကယ်လည်း EQS SUV ကားက သူ့ရဲ့ မျိုးကွဲ Sedan ထက်စာရင် ဒီဇိုင်းပိုင်းမှာလည်း နဂိုကတည်းက ပိုကောင်းထားသလို ပိုပြီးလည်း သဘာဝဆန်ဆန်နဲ့ ကြည့်ကောင်းတဲ့ အချိုးအစားတွေကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါ Maybach EQS SUV အသစ်ကတော့ လာမယ့်နှစ်ထဲ ‌ထွက်ပေါ်လာနိုင်မယ် လို့ ယူဆရပြီး အရှေ့ရော အနောက်မှာပါ သီးသန့်ဆန်တဲ့ Fascia ပုံစံအသစ်တွေကို မြင်ရမှာဖြစ်ကာ ၂၄ လက်မ အရွယ် Maybach ဘီးကြီးတွေလည်း ပါလာဖို့ ရှိပါတယ်။ အတွင်းခန်း မှာတော့ Maybach မှန်း သိသာစေမယ့် ဇိမ်ခံအရသာ စစ်စစ် အပြင်အဆင်တွေနဲ့ အမျိုးမျိုးသော ဝယ်ယူသူစိတ်ကြိုက် အပြင်အဆင် သစ်တွေကိုလည်း ရရှိနိုင်ဦးမှာပါ။ ဒါ့အပြင် အခုလိုမျိုး Maybach မျိုးကွဲဆိုတာ ပိုပြီး သိသာနိုင်စေကာ အခြားသောကားတွေနဲ့လည်း သေချာပေါက် ခွဲထွက် နေစေမယ့် သီးသန့်ဝန်ဆောင်မှုတွေ အပြင်အဆင်တွေလည်း သေချာပေါက် ပါလာဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit: InsideEvs

အခု ဒီဇိုင်းပုံကြမ်းကို ဖန်တီးခဲ့တဲ့ Motor.es ကတော့ Maybach EQS SUV ရဲ့ Spy ပုံရိပ်တွေနဲ့ ပေါင်းစပ်ရေးဆွဲ ထားတယ်လို့ ဆိုထားပြီး မနှစ်က ချပြထားဖူးတဲ့ သာမန် EQS ရဲ့ ဒီဇိုင်း ပုံရိပ်တွေနဲ့လည်း ပေါင်းစပ် ထားတာကြောင့် ပိုပြီး သိသာမြင်သာ လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာတော့ Camouflage တွေ အုပ်ထားဆဲ ကားတစ်စီးရဲ့ အပြင်အဆင်ကို ပြောရခက်‌နိုင် ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Concept တုန်းက မြင်ထားခဲ့ရတဲ့ အသွင်အပြင်အတော် များများကို တကယ်ကားထုတ်လုပ်တဲ့အဆင့် အထိယူဆောင်လာနိုင်ဖို့ ရှိနေတာကြောင့် သေချာစောင့်ကြည့်သင့်တဲ့ အနာဂါတ် လျှပ်စစ် SUV ကားတစ်စီး အဖြစ် ရှိနေတော့မှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs