မာစီးဒီး ရဲ့  Flagship Model  တွေဖြစ်တဲ့ Mercedes-Benz ၊ S-Class နဲ့  EQS  လျှပ်စစ်ကားတွေ မှာပါ အခုဆိုရင် ကိုယ်ပိုင် မောင်းသူမဲ့ စနစ်ကို ဂျာမနီ နိုင်ငံတွင်းစတင် ထည့်သွင်းသွား နိုင်တော့မှာ ဖြစ်ပါတယ်။ မေလ ၁၇ ရက် ကစပြီး အဆိုပါကားနှစ်စီးမှာ Drive Pilot System အပြင် အဆိုပါ မောင်းသူမဲ့စနစ်အတွက် အပို ကုန်ကျစရိတ် ပေးပြီး စတင် အသုံးပြုနိုင် တော့မှာပါ။ အဆိုပါ မောင်းသူမဲ့ စနစ်မှာတော့ တစ်ချို့သော အခြေအနေတွေမှာ ယာဉ်မောင်းက လိုသလို ထိန်းကြောင်းလို့ ရဦးမှာပဲ ဖြစ်ပါတယ်။ မာစီးဒီး တို့ကတော့ မနှစ်က ဒီဇင်ဘာလမှာ Level 3 အဆင့် မောင်းသူမဲ့ စနစ်ကို နိုင်ငံတကာထောက်ခံချက်ရတဲ့ ပထမဆုံး ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ အဆိုပါ စနစ်ရဲ့ နောက်တစ်ဆင့် အနေနဲ့ အခုလိုမျိုး တရားဝင် ဖြန့်ချီပေးလာ နိုင် ခဲ့တာဖြစ်ပြီး မာစီးဒီး အနေနဲ့  S-Class မှာ ဆိုရင် $ 5,260 နဲ့ EQS မှာဆိုရင် $ 7,813 ဈေးတွေ နဲ့ အသီးသီး ရောင်းချပေးမှာပါ။ အဆိုပါ ဈေးတွေကတော့ Software ပိုင်းတွေရော Hardware ပိုင်းတွေအတွက်ပါ ပါဝင် ပြီးသား ဖြစ်တာကြောင့် တစ်ခြား အပိုစရိတ်ဘာမှ ထပ်ဆောင်း ပေးစရာ မလိုတော့ပါဘူး။

Photo Credit: motor 1.com

အရေးတကြီး သိထားရမှာ တစ်ခုကတော့ L 3 အဆင့် မောင်းသူမဲ့ ဆိုတာဟာ အလုံးစုံ မောင်းသူမဲ့ယာဉ် မဟုတ် သေးဘူး ဆိုတာပါပဲ။ Mercedes မှာပါတဲ့ စနစ်ဟာ  Germany မြို့တွင်း တစ်နာရီ 60 km သွားနိုင် တဲ့ လမ်းမပေါ်တွေ၊ ယာဉ်ကြောပိတ်ဆို့လွန်းတဲ့ အချိန်တွေမှာ ယာဉ်မောင်းက လက်လွှဲထားနိုင်ရုံလေးပဲ ခွင့်ပြုထားတာပါ။ ဒီလို အခြေအနေတွေမှာတော့ ယာဉ်မောင်းက ဘယ်နှုန်းနဲ့ အကွာအဝေး ဘယ်လောက် ကို ဘယ်လမ်းကမောင်းပြီး သွားရမယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ထိန်းချုပ် နိုင်ပါသေးတယ်။ ပိုအရေးကြီး တာကတော့ ဒီ စနစ်တွေက မျှော်လင့်မထားနိုင်တဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေနဲ့ ရုတ်တရတ် လမ်းပေါ်က အခြေအနေတွေကိုပါ တုံ့ပြန်နိုင်စွမ်းရှိ‌ နေတာပါပဲ။

Photo Credit: motor 1.com

ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Britta Seeger ကတော့ နိုင်ငံတကာဈေးကွက်ထဲမှာ Level 3 အဆင့် မောင်းသူမဲ့ စနစ်ကို ပထမဆုံး အသိအမှတ်ပြု စတင်နိုင်တဲ့ ကုမ္ပဏီအဖြစ် မာစီးဒီးက မှတ်တမ်းဝင်နိုင်ခဲ့ပြီ ဆိုပြီး ဂုဏ်ယူစွာနဲ့ ပြောကြားထား ခဲ့ပါသေးတယ်။ အခုလို စနစ်ကို ပထမဆုံး ခြေလှမ်းအနေနဲ့ ဂျာမနီ နိုင်ငံ တွင်းက S-Class နဲ့ EQS ကားတွေမှာ စတင် လာတာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အခုနှစ် အကုန် လောက် မှာ အမေရိက ဈေးကွက် ထဲ စတင် လုပ်ဆောင် လာနိုင်ဖို့ ကြိုးစားနေပြီ ဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ ကတည်းက နိုင်ငံတကာ အသိအမှတ်ပြုမှုကို ဒီစနစ်က ရခဲ့တယ်ဆိုပေမယ့် ဒါက ကမ္ဘာတစ်ဝန်းလုံးမှာ အကန့်အသတ်မရှိ သုံးလို့ ရနေပြီ ဆိုတဲ့ သဘောတော့လည်း မဟုတ်သေးပါဘူး။ နိုင်ငံတစ်နိုင်ငံ ချင်းစီ မှာ မောင်းသူမဲ့ ကားတွေ အတွက် သူတို့ရဲ့ သက်ဆိုင်ရာ စည်းမျဉ်းတွေ ရှိထားပြီး ဖြစ် တာကြောင့် လက်ရှိမှာတော့ မာစီးဒီး တို့လည်း သူတို့ရဲ့ ဒုတိယမြောက် ခြေလှမ်းကို အမေရိကဆီ စလှမ်းနေ တာပဲ ဖြစ်ပါတော့တယ်။

Ref: motor 1.com