နိုင်ငံတကာ ကားလောက ထဲမှာတော့ မောင်းသူမဲ့ကားတွေ ခေတ်ကို ရောက်ပြီဆိုရင် ကားထဲ လိုက်ပါစီးနင်း မယ့် သူတွေ ပျင်းနေမှာဆိုးလို့ ဘာတွေနဲ့ အပန်းဖြေနိုင်မလဲ ဆိုပြီး ကြိုစဉ်းစားကြတဲ့ အဆင့်ကို ရောက်နေ ကြပါပြီ။ ဒါက အလှမ်းဝေး နေသေးတဲ့ ကာလတစ်ရပ်ဆိုတာ သေချာပေမယ့်လည်း အခုကတည်းက မြင်နေ ရတာကတော့ ကား အတွင်းခန်းရဲ့ ဖျော်ဖြေရေးအပိုင်းတွေကို ကောင်းကောင်း မြှင့်တင်လာတာပါ။ အခု ဆိုရင်တော့ အဆိုပါ ဖျော်ဖြေရေး နည်းပညာသစ်တစ်ရပ်ကို Mercedes ရဲ့ EQS SUV အသစ်မှာ မြင်တွေ့ရ ပြန်ပါပြီ။ အဆိုပါ လျှပ်စစ် ကားသစ်ကတော့ ကုမ္ပဏီရဲ့ အကြီးမား‌ဆုံးလို့ ဆိုရမယ့် ၅၆ လက်မအရွယ် MBUX Hyperscreen ကြီးကို ပိုင်ဆိုင်ထားတဲ့ ကားလည်း ဖြစ်ပါတယ်။ အဆိုပါ Screen ကြီးရဲ့ တစ်စိတ် တစ်ပိုင်း ဖြစ်တဲ့ အရှေ့ခရီးသည် ရှေ့က ၁၂.၃ လက်မ အရွယ် Screen မှာတော့ ကားမောင်းနေရင်းတောင် ကြိုက်တဲ့ ရုပ်ရှင် ကြည့်လို့ ရတော့မှာပါ။ ဒါ့အပြင် ဘေးက ယာဉ်မောင်း အနှောက် အယှက်မဖြစ်စေဖို့ အတွက် Headphones တွေတပ်ကာ အေးဆေးခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပိုပြီး စိတ်ချရအောင် ယာဉ်မောင်းက အဆိုပါ Screen ဘက်ကို လှမ်းကြည့်မိရင် ယာဉ်မောင်းရဲ့ မျက်လုံးကို အလို အလျောက် ထောက်လှမ်းမိပြီး Screen က အလိုလို မှိန်ကျသွားမှာပါ။

Photo Credit: motor 1.com

ဒီနည်းပညာက Mercedes တို့အတွက် ပထမဆုံး နည်းပညာ ဖြစ်ပေမယ့်လည်း ကားလောကထဲမှာတော့ Grand Wagoneer ၊ Grand Cherokee တို့နဲ့အတူ Jeep က စတင်မိတ်ဆက် ပေးထားနှင့်ပြီးသား ဖြစ်ပါ တယ်။ Mercedes တို့ ကတော့ အခု နည်းပညာကို EQS Sedan လို နည်းပညာတူ ကားတွေအထိ ဆက် လက် တိုးချဲ့ပေးသွားဖို့ စီစဉ် နေပါသေးတယ်။ Mercedes ရဲ့အခု Hyperscreen ကြီးကတော့ အတွင်းခန်း ၇ ရောင်စပ် ဒီဇိုင်းရဲ့ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပြီး သားရေအကောင်းစားတွေ ၊ Cabin ပိုင်းကိုလည်း သစ် သား အကောင်းစားတွေနဲ့ ဝန်းရံဖန်တီး ပေးထားပါသေးတယ်။ ဒါတင်မကသေးပဲ အတွင်းခန်း ထူးခြားတဲ့ Trim Feature တစ်ခုအနေနဲ့တော့ လေဆာနဲ့ ဖြတ်ထားတဲ့ Magnolia Wood သားကို Stainless Steel နဲ့ ပေါင်းစပ်ထားတာလည်း မိတ်ဆက်ထားပါသေးတယ်။ ဒါတင်မကသေးပဲ အဆိုပါ EQS SUV ရဲ့ အတွင်းခန်း အသံစနစ် မှာတော့ Dolby Atmos အသံစနစ်ကိုပါ ထည့်သွင်း ပေးထားကာ ကုမ္ပဏီရဲ့ အဆင့်မြင့် လေသန့် စင်စနစ်ကိုလည်း အသုံးပြုပေးထားသေးတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

ပုံမှန်အားဖြင့်တော့ အဆိုပါ ကားက ထိုင်ခုံ တန်း ၃ တန်းနဲ့ လာတာ ဖြစ်ပြီး GLE Class က  ထိုင်ခုံ ၃ တန်း ထက်တောင် ပိုပြီး သက်တောင့်သက်သာ ဖြစ်တယ်လို့ မာစီးဒီးက ဆိုထား ပါတယ်။ Brand ရဲ့ EV Platform အသစ်ကြောင့်လည်း အတွင်းခန်း ပိုကျယ်အောင် ဖန်တီးပေးထားနိုင်သလို ခရီးသည်အတွက်ရော ပစ္စည်းတင်ဖို့ အတွက်ရော အတော်လေး ကို လွတ်လွတ်လပ်လပ် ရှိနေမှာပါ။ ကုမ္ပဏီရဲ့ အဆိုအရတော့ ဂေါက်ရိုက်တံ အစုံအလင်နဲ့ အိတ်ကြီး ၄ အိတ် လောက် အထိကို အသာအယာပဲ တင်သွားနိုင်တယ်လို့သိရပါ တယ်။ အခုလို ကျယ်ဝန်း လှပလွန်းတဲ့ အဆင့်မြင့် အတွင်းခန်း ပုံရိပ်တွေကိုလည်း ရရှိထားပြီး ဖြစ်ကာ အသေးစိတ် အချက်အလက်တွေနဲ့ ကားရဲ့ စွမ်းဆောင်ရည်တွေကိုတော့ လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ တရားဝင် ချပြဦးမှာ ဖြစ်ပါတယ်။ SUV အနေနဲ့ကတော့ EQS Sedan မှာ တုန်းကလို စွမ်းဆောင်ရည်မျိုးပဲ အတူတူလောက် ဖြစ်လာနိုင်ပြီး စွမ်းဆောင်ရည် ပိုကောင်းတဲ့ AMG မျိုးကွဲလည်း ထပ်ထွက် ပေါ်လာနိုင် သေးတယ်လို့ ခန့်မှန်းရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com