လူ့ အသက်တွေကယ်နိုင်ဖို့ အတွက်အတော်လေးကို အသုံးတည့်တဲ့ မီးသတ်ကားနဲ့ လူနာတင်ကားတွေကတော့ အိမ်တစ်လုံးလိုသုံးလို့ရမယ့် RV ကားတွေအဖြစ် ပြောင်းလဲလို့ ကောင်း တာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ မူလ Platform ကကို အခုလိုမျိုး ကားအိမ်တွေအဖြစ် ပြောင်းဖို့ သင့်တော်နေတာဖြစ်ပြီး အခုဆိုရင်လည်း နယ်သာလန် အခြေစိုက် Collectief Soepel ကနေ Mercedes Vario မီးသတ်ကားကြီးကို မိသားစုစီးကားကြီး တစ်စီးအဖြစ် အသွင် ပြောင်းပေးနိုင် ခဲ့ပါပြီ။ အခုလိုမျိုးကားကို ဖန်တီးပေးခဲ့တဲ့ အဆိုပါ အဖွဲ့ကတော့ ဝါသနာတူ စွန့်ဦးတီထွင်သူ ၆ ဦး ပေါင်းကာ ဖွဲ့စည်းထားတာလည်းဖြစ်ပြီး အခု ကားကတော့ လုပ်ငန်းအတွက် ၆ စီးမြောက် ဖန်တီးနိုင်ခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။ ယခင်တုန်းကလည်း Mercedes အနေနဲ့ ဆွီဒင် မီးသတ်ကားတွေအတွက် ဖန်တီးပေးခဲ့ဖူးတာ ဖြစ်ပြီး အခု ပြန်လည် ဖန်တီးထားတဲ့ ကားမှာ တော့ နဂိုမီးသတ်ကားရဲ့ အဝါရောင် တောက်တောက် အရောင်ကို ဆက်သုံး ပေးထား ပါတယ်။ ဒ့ါအပြင် မီးသတ်ကားအတိုင်းပဲ ပိုပြီးမြင်သာထင်သာ ရှိစေမယ့် အဝါရောင်လိုင်းလေးတွေ ကိုပါ ထည့်ပေးထားပြီး အနောက်ဘက် အပိုင်းကိုတော့အစိမ်းရောင် ခပ်ဖျော့ဖျော့ သုံးပေးထားတာပါ။ ကားကို အပြင်ဘက် က ကြည့်လိုက်ရင်တော့ အတော်လေး ရိုးရိုးရှင်းရှင်း ဖြစ်နေတယ် ထင်ရနိုင်ပေမယ့် အတွင်းခန်းထဲမှာတော့ အပြောင်းအလဲ အတော်လေးများတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အတွင်းခန်းကတော့ ယခင်မြင်ဖူး နေကြ RV တွေရဲ့ အရသာနဲ့တောင် မတူပဲ အရောင်ဖျော့ဖျော့ သစ်သား လေးတွေကို ခပ်ကွေးကွေး အပြင်အဆင်လေးတွေနဲ့  အချောသတ်ပေးထား ပါတယ်။ မီးဖိုချောင် အပိုင်းကလည်း Plywood တွေရော မီးခိုးထွက်နိုင်မယ့် Countertop တွေပါ ပါဝင်အောင် ထည့်ပေးထားတာ တွေ့ရကာ ကြမ်းခင်း တွေ အတွက် ကတော့ တစ်ရာ ရာခိုင်နှုန်း ပြန်လည် သုံးစွဲထားတဲ့ ပလတ်စတစ်တွေနဲ့ ပြုလုပ် ထားတယ်လို့ သိရပါတယ်။ ဘေစင်ရဲ့ အပေါ်ဘက်မှာတော့ ပန်းကန်စင်ကို ခပ်ဝိုင်းဝိုင်းလေး ဖန်တီးပေးထားပြီး မီးဖိုနေရာမှာလည်း အဝိုင်းပေါက် တို့နဲ့အတူ အိပ်ယာနေရာကို ဝင်ဖို့ အတွက်လည်း အဝိုင်းပုံစံ ဝင်ပေါက်လေးနဲ့ အတွင်းခန်းက ဆန်းသစ်နေတော့တာ ပါ။ ဘယ်လောက် အထိတောင် အဝိုင်းပုံစံလေးတွေ သုံးထားလဲဆိုရင် ရေချိုးခန်း ဝင်ပေါက်ကိုပါ ဆေးတောင့် ပုံစံ ခပ်ဝိုင်းဝိုင်း အသွင်တွေနဲ့ ဖန်တီးထားတော့တာ ဖြစ်ပါတယ်။ အခု ကားအတွင်းခန်း အပြင်အဆင်တွေကိုလည်း ပြင်ဆင်တဲ့ အဖွဲ့ကနေ အခုကား ကိုမှာယူမယ့် ဝယ်ယူသူ‌နဲ့ တိုင်ပင်ပြီး စိတ်ကြိုက် ပြင်ဆင်ပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ထိုင်ခုံ တန်းလေးတွေနဲ့ စားပွဲခုံ အပိုင်းတွေကတော့ ကြည့်လိုက်တာနဲ့တင် ၁၉၇၀ ခုနှစ် ဝန်းကျင်တွေဆီ သေချာ ပေါက် ပြန်ခေါ်သွားမှာဖြစ်ပြီး အိပ်ယာပေါ်က လိမ္မော်ရောင် အပြင်အဆင်လေးကလည်း အတော်လေး လှပတဲ့အသွင် ကို ပေးနိုင်ပါလိမ့်မယ်။ ကားရဲ့ နောက်တွဲ အပေါ်ဘက်မှာတော့ အိပ်စရာ အပိုတစ်ခု ပါသေးပြီး လိုအပ်မယ်ဆိုရင် ၂ ထပ် ပုံစံမျိုး သုံးလို့ရမယ့် အခြေအနေ ဖြစ်ပါတယ်။ Collectief Soepel ကတော့ အခု ကားဒီဇိုင်းကို မိသားစု ၅ ယောက် အထိ အေး‌ဆေးနေနိုင်မယ့် အခြေအနေအဖြစ် ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ထမင်းစားမယ့် နေရာမှာ လည်း ထမင်းစားချိန် မဟုတ်ဘူးဆိုရင် ခုံကို ခေါက်ပြီး အိပ်ယာအဖြစ် သုံးလို့တောင် ရနိုင်သေးတာပါ။ အခု ကားအိမ် လေးကတော့ ဒီဇိုင်းပိုင်းတင် လှပနေတော့တာ မဟုတ်ပဲ တကယ်လည်း လက်တွေ့ အသုံးဝင်‌တာ ဖြစ်ပါတယ်။ အထူးသဖြင့် မီးဖို ၂ ခု ပါဝင်တဲ့ Stovetop ၊ ရေခဲ သေတ္တာနဲ့ နောက်ထပ် မီးဖိုလေး တစ်ခုတို့က တကယ် အသုံးတည့် နေမှာ ဖြစ်ပါတယ်။ Collectief Soepel တို့ကတော့ အခုလိုမျိုး Mercedes ကားကို ပြန်လည် ပြင်ဆင်ထားသလိုပဲ အခြားသော ကားတွေတုန်းကလည်း တစ်စီးချင်းစီကို မတူညီကာ သီးသန့်ဆန်တဲ့ အပြင်အဆင် လေးတွေနဲ့ ဖန်တီး ပေးတတ်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ၇ စီး မြောက် ဖန်တီးလာမယ့် ကားကတော့ ဘယ်လိုကားဖြစ်လာ မလဲဆိုတာ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Ref: motor 1.com

(17) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube