Mercedes-Benz ကုမ္ပဏီ ကတော့ EQE SUV ကားအသစ် ရဲ့ အတွင်းခန်း ပုံရိပ်တွေ ဘယ်လိုရှိမလဲ ဆိုတာ စတင် ချပြ လာပြီဖြစ်ပြီး Rendering ပုံကြမ်း ဆန်ဆန်မျိုးနဲ့ စမြင်လာရတဲ့ အဆိုပါ အတွင်းခန်းပါ ကားသစ်ကြီးကိုတော့ လာမယ့် အောက်တိုဘာ လမှာပဲ တရားဝင် စမြင်ရတော့မှာ ဖြစ်ပါတယ်။ Mercedes-Benz EQE Sedan ကိုမှ ဘက်စုံသုံးလို့ ရမယ့် ကားတစ်စီးအဖြစ် နာမည် ပေးထားတဲ့ အခု ကားသစ်က တော့ အတွင်းခန်းမှာဆိုရင် Headroom ၊ Legroom ပိုင်းတွေ ၊ Elbow Room တွေမှာ ကျယ်ကျယ်ဝန်းဝန်းနဲ့ တကယ်ကို အဆင့်မြင့် ကားတစ်စီး ဖြစ်လာမှာပါ။ ဒါပေမယ့် အခုလို အတွင်းခန်း အပြင်အဆင် တစ်ခု တည်းကပဲ ကားသစ်အတွက် ဂုဏ်ယူစရာ မဟုတ်သေးပဲ အခြားစိတ်ဝင်စား စရာတွေ ကျန်နေပါသေးတယ်။

Photo Credit: motor 1.com

ထူးခြားတာကတော့ အခု ကားသစ်ရဲ့ အတွင်းခန်း Cabin မှာ ယခင် ဒီဇိုင်းပုံစံတွေနဲ့ ခေတ်ပေါ် ခေတ်လွန်အသွင် အပြင် တွေကို လှလှပပ ပေါင်းစပ်ပေးထားတဲ့ Avantgarde ဆိုတဲ့ လက်ရာဒီဇိုင်းအသစ်သုံးထားတာ ပါပဲ။ အရောင် ၅ ရောင် အထိလည်း ရောစပ်ထားသလို အရောင်ခပ်ရင့်ရင့်နဲ့ ခပ်အေးအေး ဘက်ကိုလည်း အချိုးကျကျ ပေါင်းပေးထား ပါတယ်။ ကားရဲ့ Balao Brown ဆိုတဲ့ အညိုရောင်လေးကတော့ ကားအတွင်း ခပ်နွေးနွေးအရသာလေးကို ပေးနိုင်မယ့် အရောင်ဖြစ်ကာ Neva Grey မီးခိုးလေးနဲ့ ၊ Biscay Blue/Black အပြာနု ၊ အနက်နုလေးတွေကတော့ ခပ်အေးအေး အရသာနဲ့ နည်းပညာမြင့်တယ် ဆိုတဲ့ ခံစားချက်မျိုးတွေ ကို ပေးစွမ်းနိုင်ပါတယ်။ အခြားသော EQ Model တွေနဲ့ မတူတာကတော့ အခု ကားရဲ့ Backlit အလင်း ရောင်လေးတွေက  အတွင်းခန်းထဲမှာပါနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် Dashboard တစ်ခုလုံးကို ဖြန့်ကျက် ကာ အပြည့်နေရာယူနေမယ့် MBUX Hyperscreen ကြီးကိုလည်း အခုကားမှာ ထည့်ထားနိုင်ပြီး အပြင်ဘက် Vents လေထွက်ပေါက်တွေကိုလည်း Turbine Design သုံးထားပါတယ်။ သစ်သား လက်ရာ Trim တွေ ၊ အလူမီနီယံနဲ့ 3D အပြင်အဆင်လက်ရာတွေအပြင် သတ္တုအချိုးအစား လှလှပပ ပေါင်းစပ်မှုတွေ ကိုတော့ အတွင်းခန်းမှာ အတော်လေး အနုစိတ်မြင်ရမှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားသစ်ကို လမ်းမတွေထက် ခဏခဏ စမ်းသပ်နေတာ တွေ့ခဲ့ကြ‌ရပေမယ့် စက်ပိုင်းဆိုင်ရာ အချက်အလက် တွေကတော့ သေချာမသိရနိုင် သေးပါဘူး။ ဒါပေမယ့် EQE Sedan ကားတုန်းက အချက် အလက်တွေ ကိုကြည့်ပြီး ခန့်မှန်းရမယ် ဆိုရင်တော့ အခု SUV အသစ်မှာ 677 hp နဲ့ စွမ်းဆောင်ရည် အတူတူ လောက်ရှိ နိုင်ပြီး လျှပ်စစ်မော်တာ ၂ လုံးပါဝင် နိုင်တာဖြစ်ကာ ဘက်ထရီကတော့ 90.6 kWh ပမာဏ ပါဝင်လာနိုင်ပါတယ်။ အဆိုပါ ပမာဏတွေ ကတော့ EQE 53 SUV တွေအတွက် ဖြစ်ပြီး EQE 43 SUV တွေကတော့ 469 hp လောက် အထိ စွမ်းဆောင်လာနိုင်တာကြောင့် EQE 43 Sedan တွေနဲ့ တူညီ လာမယ် လို့ ခန့်မှန်းရပါတယ်။ Mercedes-Benz အနေနဲ့ အခု EQE SUV ကားသစ်ကို တစ်ကမ္ဘာလုံး အတွက် တရားဝင် မိတ်ဆက်ပေးမယ့် ရက်ကတော့ လာမယ့် အောက်တိုဘာလ ၁၆ ရက်နေ့ဖြစ်ပြီး ရက်သတ္တပတ် အနည်းငယ်လောက်ပဲ စောင့်ဆိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com