ဇိမ်ခံကားတွေ ဆိုတာကတော့ ဘယ်‌တော့ပဲ ကြည့်ကြည့် သာမန်ကားတွေနဲ့ လုံးဝကွဲထွက် နေစေမယ့် စွမ်းဆောင်ရည်တွေ ၊ အဆင့်မြင့် နည်းပညာရပ်တွေ အမြဲတစေ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ အဆိုပါ နည်းပညာ တွေနဲ့ ဇိမ်ခံအပိုင်းတွေအတွက်ဆိုရင် ထိပ်တန်းမှာ ရှိနေတဲ့ မာစီးဒီးတို့ကတော့ အခုဆိုရင် အသံစနစ်အတွက် Apple ရဲ့ နာမည်ကျော် Spatial Audio ကို Apple Music ရဲ့ Dolby Atmos စနစ်ကနေတစ်ဆင့် ရယူ ပူး‌ပေါင်းတော့မှာပါ။ အခု စနစ်ကို Apple မဟုတ်တဲ့ ထုတ်ကုန်တွေမှာ ပထမဆုံး စတင်အသုံးပြုလာမှာဖြစ်ပြီး မာစီးဒီးက Universal Music Group နဲ့လည်း ပူးပေါင်းကာ အသံစနစ်တွေအတွက် တကယ့်စတူဒီယို လို အရသာမျိုးကိုရအောင် ဖန်တီးနေပါပြီ။

Photo Credit: motor 1.com

အဆိုပါအသံ စနစ်အသစ်တွေကတော့ လက်ရှိ မာစီးဒီး နောက်ဆုံးပေါ် ကားတွေရဲ့ MBUX Infotainment System နဲ့ ကောင်းကောင်း အလုပ်လုပ်နိုင်မယ့်အပြင် ထပ်ပြီးရွေးချယ်လို့ရ‌ဦးမယ့် Burmester 3D နဲ့ 4D အသံပိုင်းတွေလည်း ပါလာဖို့ ရှိပါတယ်။ အဆိုပါ ‌ရွေးချယ်စရာ အသံစနစ်တွေကို ဆိုရင်တော့  EQE ၊ Maybach S-Class ၊ Benz S-Class ၊ EQS နဲ့ EQS SUV တွေမှာ စတင် ရရှိလာမှာပါ။ ဒါ့အပြင် မကြာခင်ကမှ အသစ်မိတ်ဆက် ပေးထားတဲ့ EQE SUV အသစ် မှာလည်း ‌အခုနောက်ဆုံးပေါ် အသံစနစ် ရလာမှာ ဖြစ်ပါတယ်။ အကောင်းဆုံး 4D အသံစနစ်မှာ ဆိုရင်တော့ 1,750- Watt အထိရှိတဲ့ စပီကာ ၃၁ လုံးထက်မနည်း ပါဝင်လာမှာ ဖြစ်ပြီး 3D စပီကာ ၆ လုံးကလည်း Amplifier ၂ လုံး၊ 18.5- Liter Subwoofer တို့နဲ့ အတူတွဲဖက်ကာ အသံအလန်းစားတွေကို ထုတ်လုပ်ပေးနေဦးမှာပါ။

 

အခုကိုပဲ အဆိုပါ ကားတွေထဲက တစ်စီးပိုင်ထားပြီး Apple Music ကို လည်း ဝယ်ယူထားတာ လက်ကျန် ရှိသေးတယ် ဆိုရင် ချက်ချင်းပဲ ကားထဲမှာတင် Spatial Audio နဲ့ Dolby Atmos အသံ စနစ်တွေကို ခံစား နိုင်ပြီလို့ သိရပါတယ်။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာကတော့ Burmester အသံစနစ် ၂ မျိုးထဲက တစ်မျိုး တပ်ဆင်ထားတဲ့ ကားတွေကို ပိုပြီး ကောင်းမွန်တဲ့ အသံထွက်ရအောင် စမ်းသပ်စေနိုင်ဖို့အတွက် Universal Music Group ထံ ပေးပို့သွားဦးမယ်ဆိုတဲ့ အစီ အစဉ်ပါပဲ။ အခုစနစ်နဲ့ မာစီးဒီးကားသစ်တွေရဲ့ အသံထွက်ကိုနားထောင်မယ်ဆိုရင် ကြည်လင်ပြတ်သားမှုက သူမတူ အောင် ထူးခြားနေမှာဖြစ်ပြီး စတူဒီယို ခန်းမတစ်ခုထဲကလို အသံမျိုးကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ဂျာမနီ ကဈေးကွက် သုတေသန ကုမ္ပဏီ Appinio ရဲ့ လေ့လာချက်အရတော့ သီချင်းနားထောင်သူတွေရဲ့ ၇၀% လောက်ဟာ သူတို့ရဲ့ ကားတွေထဲမှာ ပိုပြီး သီချင်းနားထောင်ဖြစ်ကြတယ်လို့ သိရပါတယ်။ ဒါ့အပြင် ၇၂% လောက်ကလည်း သီချင်း နားမထောင်ပဲ ကားမမောင်းဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ ‌ဖြေဆိုထားကြသလို သုံး‌ယောက်ထဲက နှစ်ယောက် ပမာဏ ‌ကလည်း ကားအတွင်းခန်း အသံစနစ်က အရေးကြီးတယ်လို့ ယုံကြည်ထား ကြတာကြောင့်အခု မာစီးဒီးရဲ့ ခြေလှမ်းအသစ်တွေက အလုပ် ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

Ref: motor 1.com