ပြီးခဲ့တဲ့ ၂၀၁၉ တုန်းကတော့ McLaren က သူတို့အနေနဲ့ သာမန် လမ်းမထက်သွား ကားတွေကို ထုတ်လုပ်ရာမှာ SUV အမျိုးအစားကိုတော့ ဘယ်တော့မှ ထုတ်လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေ မယ့်လည်း အခုဆိုရင်တော့ ပြိုင်ဘက် တွေဖြစ်ကြတဲ့ Aston Martin နဲ့ Lamborghini တို့တောင်မှ SUV ကားတွေကို အပြိုင်အဆိုင် ထုတ်လုပ် လာနေကြပြီး အဆိုပါ ကုမ္ပဏီတွေရဲ့ ကားရောင်းအား ၅၀% လောက်အထိကို SUV တွေက သိမ်းပိုက်လာနိုင်တာ ကြောင့် McLaren အတွက်လည်း စဉ်းစားစရာ တစ်ရပ်ဖြစ်လို့ လာနေခဲ့ပါတယ်။ ဒါကြောင့် အခု ဆယ်စုနှစ် နှောင်းပိုင်း လောက်မှာတင် McLaren က SUV ကားတစ်မျိုး ထုတ်ပေးလာလိမ့်မယ်ဆိုတဲ့ သတင်းတွေလည်း ဆက်တိုက် ထွက်ပေါ်လာခဲ့ပြီး လျှပ်စစ်ကားဖြစ်လာ လိမ့်မယ်လို့တောင် ဆိုလာခဲ့ကြပါတယ်။ အခုဆိုရင်တော့ ကုမ္ပဏီရဲ့ တာဝန်ရှိသူ တစ်ဦးကနေ SUV ကား ထုတ်လုပ်ဖို့ စဉ်းစားနေပြီ ဖြစ်တယ်ဆိုတာကို အတည်ပြုပေးလာ ခဲ့ပါပြီ။

Photo Credit: MotorAuthority

McLaren ရဲ့ Product Strategy ပိုင်း ဒါရိုက်တာ ဖြစ်သူ Jamie Corstorphine က Automotive News နဲ့ အင်တာ ဗျူးရာမှာ SUV ကား အတွက်ကို ဖြစ်နိုင်ချေတွေ လေ့လာနေတဲ့ အစောပိုင်း အဆင့်မှာပဲ ရှိသေးပြီး ထုတ်လုပ်တဲ့ အဆင့် အထိ ရောက်ဖို့ကိုတော့ စဉ်းစားဆုံးဖြတ်မှုတွေ လုပ်ရဦးမှာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အဓိက အရေးကြီးဆုံး ကတော့ McLaren ပရိသတ်တွေကို လူများများဝင်ဆံ့တဲ့ ကား တစ်စီးရဲ့ အရသာကို ပိုပေးချင်တာ ဖြစ်လို့ Crossover ပဲ ဖြစ်လာ မလား SUV လား ဆိုတာကတော့ အတိအကျ မပြောနိုင်သေးတာ ဖြစ်တယ်လို့ လည်း သိရပြန်ပါတယ်။ တကယ်တော့ အခုလို SUV ကား ထုတ် လုပ်ဖို့ McLaren တို့ စကားဦး သန်းလာခဲ့တာ သိပ်ပြီး အံ့အားသင့်စရာ မရှိပဲ ကုမ္ပဏီ ကလည်း ကိုဗစ် ကပ်ရောဂါကြောင့် ရုန်းကန်နေရတဲ့အပြင် Artura ဆိုတဲ့ Plug-In Hybrid Supercar ထုတ်လုပ် ဖို့ကို လည်း နှောင့်နှေး‌မှုတွေ ရှိနေခဲ့တာကြောင့် ဖြစ်ပါတယ်။

Photo Credit: MotorAuthority

ဒါ့အပြင် ပြည်တွင်း ယူကေဈေးကွက်နဲ့ အီးယူ ဈေးကွက်တွေ အကုန်လုံးမှာ လာမယ့် ၂၀၃၅ အရောက် ဂတ်စ် အင်ဂျင်၊ ဒီဇယ် အင်ဂျင်တွေ တစ်ခန်းရပ်ပြီး လျှပ်စစ်ကား ပြောင်းဖို့ဆိုတဲ့ အပိုင်းမှာလည်း McLaren တို့က လိုငွေ ပြနေပါသေးတယ်။ ဒါကြောင့် အခုနှစ်ထဲမှာ McLaren တို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတဲ့ Extreme E Electric Off- Road Series လျှပ်စစ်ကား လမ်းကြမ်းမောင်းပွဲ အတွက်ကိုလည်း သေချာပြင် ဆင်ထားကာ အဆိုပါ ကားတွေကနေ စွမ်းဆောင်ရည်မြင့် လျှပ်စစ် SUV တွေ မြင်လာရဖို့လည်း လမ်းစရှာတွေ့ လာနိုင်ပါတယ်။ သေချာတာ ကတော့ ယခင် ကုမ္ပဏီ ရဲ့ CEO ဖြစ်သူ Mike Flewitt နေရာမှာ ပြီးခဲ့တဲ့ ဧပြီလကမှ အစားထိုးလိုက်တဲ့ Michael Leiters ရဲ့ သဘောထား အရဆိုရင်တော့ McLaren ရဲ့ SUV ကားကို မြင်လာရတော့မှာ ဖြစ်ပါတယ်။ Leiters ကတော့ယခင်က Ferrari မှာ လုပ်ခဲ့ဖူးပြီး Ferrari ရဲ့ ပထမဆုံး Purosangue ကား ဖန်တီးရာမှာလည်း ဝင်ရောက်လုပ်ဆောင် ခဲ့ဖူးတဲအပြင် ယခင် Porsche Cayenne ကားတွေ ဖန်တီးရာမှာလည်း ပါဝင်ခဲ့ဖူးသေးတာကြောင့် McLaren SUV အတွက်တော့ အကောင်းဆုံး အတွေ့အကြုံတွေ ယူဆောင်ပေးလာနိုင်မှာ သေချာပါတယ်။

Ref: MotorAuthority