ပြီးခဲ့တဲ့ ၂၀၂၀ တုန်းကပဲ McLaren ဆီကနေ ရှားပါး Limited Edition ကား တစ်စီး ဖြစ်တဲ့ Sabre Supercar ကားကို မိတ်ဆက်ပေးခဲ့ ဖူးပါတယ်။ ဒါပေမယ့် ကိုဗစ်ကပ်ရောဂါ အတွင်းဖြစ်နေတာရော အမေရိက ဈေးကွက်အတွက် သီးသန့် အနေနဲ့ အစီးရေ ၁၅ စီးပဲ မိတ်ဆက်ပေးခဲ့တာကြောင့် သိပ်ပြီး နာမည် မရခဲ့တာပါ။ ပုံမှန်အားဖြင့် ကတော့ အခုလိုမျိုး အထူးထုတ်ကားတွေက မထုတ်လုပ်ပေးခင်ကတည်းက ရောင်းချပြီးနေတာမျိုးတွေ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင်ကသာ ပိုက်ဆံတကယ်တတ်နိုင်လို့ အခု အထူး ထုတ် ကားလေးကိုသဘောကျပြီး ဝယ်ချင်သေးတယ် ဆိုရင်တော့ Monterey Car Week မှာ ကျင်းပ မယ့် လေလံပွဲအတွင်း ဒီကားလေးကို လေလံဆွဲလို့ ရနိုင်တော့မှာပါ။

Photo Credit: MotorAuthority

အခု လေ‌လံတင်မယ့် ကားလေး ကတော့ အထူးထုတ် ၁၅ စီး ထဲကမှ ၁၁ စီး မြောက် ထုတ်လုပ်ထားတဲ့ ကားဖြစ်ပြီး အသစ်ရလာ ကတည်းက မိုင် ၁၀၀ ဝန်းကျင်ပဲ မောင်းထား ရပါသေးတယ်။ ဒါ့အပြင် ငွေရောင်နဲ့ Carbon Finish လေးတွေ ကိုမှ လိမ္မော်ရောင် Accents တွေ ကိုပါ အတွင်းခန်း အတွက် ထည့်ပေးထားတာ ပဲ ဖြစ်ပါတယ်။ အခု Sabre ကားကတော့ McLaren ရဲ့ နောက်ထပ် စူပါကားတစ်စီး Senna နဲ့ ဆက်စပ်နေ တာဖြစ်ပြီး ကိုယ်ထည်ပိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်းတွေမှာတော့ Sabre က ပိုသာလွန်ပါတယ်။ Sabre က တော့ McLaren ရဲ့ စွမ်းဆောင်ရည် အမြင့် ဆုံးသော လမ်းမထက် နေ့စဉ်သုံး ကားတစ်စီး အဖြစ် မှတ်တမ်း ဝင်ထားပြီး 824 hp ရှိကာ Senna ကတော့ 789 hp အထိ ရှိထားပါတယ်။ အခု Sabre ကားရဲ့ စွမ်းဆောင် ရည် ကောင်းမွန်နေစေဖို့ အတွက်ကတော့ 4.0 Liter Twin- Turbocharged V 8 Engine ကို သုံးပေး ထားပြီး အမြင့်ဆုံး အနေနဲ့ တစ်နာရီကို ၂၁၈ မိုင် အထိ မောင်းနှင်နိုင်တာပါ။

Photo Credit: MotorAuthority

အခု ကားဖန်တီး ထုတ်လုပ်ခဲ့စဉ် တုန်းကလည်း Sabre ကို ဝယ်ယူအားပေးထားတဲ့ သူတွေပါ ပါဝင်ခွင့် ရခဲ့ တာ ဖြစ်ပြီး စမ်းသပ်ဆဲ အဆင့် Prototype ကားတွေကို မောင်းနှင်ခွင့် ရခဲ့တာမျိုးတွေနဲ့ Feedback ပြန်ပေး လို့ ရခဲ့တဲ့ အခွင့်အရေး တွေလည်းရခဲ့ ကြတာဖြစ်ပါတယ်။ Sabre ကားရဲ့ ဈေးကိုတော့ အတိအကျ မသိပေ မယ့်လည်း $ 3 သန်း လောက် အထိကို မူလ ကုန်ကျစရိတ် ရှိမယ်လို့ ခန့်မှန်းရကာ ယှဉ်ကြည့်ရမယ် ဆိုရင် တော့ သူ့ထက်ပိုရှားပါးတဲ့ McLaren Speedtail ဆိုရင် $ 3.3 Million နဲ့ ရောင်းချ ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ နောက်တစ်စီး ဆိုရင်လည်း ပြီးခဲ့တဲ့ မေလ ထဲက မှ $ 2.5 သန်းနဲ့  လေလံတင်‌တာ နောက်ဆုံး အဆင့်အထိ ရောက်ခဲ့ဖူးပြီး ‌ရောင်းတော့ မရောင်းချ ခဲ့ရဘူးလို့ သိရပါတယ်။ Mecum က ဦးစီးကျင်းပတဲ့ အခု Monterey ‌လေလံပွဲကိုတော့ လာမယ့် ဩဂုတ်လ ၁၈ ရက်ကနေ ၂၀ ရက် အတွင်းကျင်းပမှာ ဖြစ်ကာ ကားလေလံပွဲ ပါဝင်မယ့် Monterey Car Week ကိုတော့ ဩဂုတ်လ ၁၂ ရက် ကနေ ၂၁ ရက် အတွင်းကျင်းပ သွားမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority