တကူးတက ပြင်ဆင် ထုတ်လုပ်ထားတဲ့ ကားတစ်ချို့ကလွဲလို့ ကားတွေဆိုတာကတော့ ရေထဲမောင်းလို့ မရတာ သေချာပါတယ်။ အခုတော့ ကံဆိုးစွာနဲ့ပဲ လက်ရှိ ရောင်းချထားတဲ့ McLaren P1 ရှားပါးကား ၃၇၅ စီးထဲက တစ်စီးက အမေရိကန် နိုင်ငံ ၊ ဖလော်ရီဒါ ပြည်နယ်ထဲ ဝင်ရောက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း Ian ကြောင့် ရေမြောခဲ့ရပါတယ်။ အဆိုပါ အဝါရောင် P 1 လေးကိုတော့ Ernie ဆိုသူက ပိုင်ဆိုင်တာဖြစ်ပြီး သူ့ရဲ့ ကားဂိုဒေါင်က အတော်လေး ကားစုံ နေတာဖြစ်လို့ အထင်ကြီးစရာလည်း ဖြစ်နေတာပါ။ သူစုဆောင်းထားတဲ့ ကားတွေထဲ အခုသီးသန့်ထုတ် P1 ကားလေးက နောက်ဆုံး ဝယ်ထားတာဖြစ်ပြီး မိုင် ၃၀၀ လောက်ပဲ မောင်းရသေးကာ သက်တမ်းကလည်း တစ်ပတ်ပဲ ရှိသေးချိန် အခုလိုကြုံလိုက်ရတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဟာရီကိန်း မုန်တိုင်းကြောင့် ဖြစ်လာတဲ့ ရေကြီးမှုကနေ အဆိုပါ McLaren P1 ကားလေးကို ဂိုဒေါင်ထဲကနေ လမ်းမပေါ်အထိ မြောသွားစေခဲ့ပါတယ်။ Ernie ကတော့ သူ့ရဲ့ ရေမျောသွားရတဲ့ ကားလေး အကြောင်းကို ဝမ်းနည်း စွာနဲ့ပဲ Instagram လူမှုကွန်ရက်မှာ ဝေမျှထားခဲ့ပါတယ်။ Ernie ရဲ့ Post အရ ဆိုရင်တော့ အဆိုပါ ကားအဝါလေးဟာ ဂိုဒေါင်ကနေ‌ မျောလာလိုက်တာ လမ်းမထက်က အိမ်သာတစ်ခု အပေါ်နား‌မှာ တင် ကျန်နေတာ တွေ့ရပါတယ်။ ဘေးပတ်ပတ်လည် ပစ္စည်း အကုန်လုံးလည်း ရေစီးသန်တာကြောင့် မျောပါနေကြပြီး အတော်လေး ထိတ်လန့်ဖို့ ကောင်းတဲ့ အခြေအနေဖြစ်လို့ နေတာပါ။

ပိုင်ရှင်အဖို့ ပိုကံဆိုးသွားစေတာ ကတော့ အခုကားတင်မကပဲ သူ့ရဲ့နောက်ထပ် Brand New Rolls-Royce Phantom ကားသစ်ကြီးပါ ရေကြီးတဲ့ထဲပါခဲ့ပြီး လမ်းမထက်ကို ရေစီးနဲ့အတူ ရောက်သွားပြန်တာပါပဲ။ Ernie စုဆောင်းထားတဲ့ ကားတွေထဲက အဆိုပါ နှစ်စီးအပြင် အခြားသော ကားတွေရော ပါသွားသေးလား ၊ အထိအခိုက်ကင်းလား ဆိုတာ ကတော့ မသေချာသေးပြန်ပါဘူး။ အခု Instagram ပေါ်က Video အရ ဆိုရင်တော့ Ernie ရဲ့ ကားနှစ်စီးစလုံးက ရေမျောနေရတာ ဖြစ်ပြီး ဘာဆက်ဖြစ်မယ် မသိသေးတာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အခု လို တန်ဖိုးကြီး ပစ္စည်းတွေအတွက် သဘာဝ ဘေးအန္တရာယ်ကြောင့် ထိခိုက်ရတာ အတော်လေး ဝမ်းနည်းဖို့ ကောင်းမှာ ပါ။ ဖလော်ရီဒါ ပြည်နယ်ရဲ့ အခြားသော အထိအခိုက် အပျက်အစီးတွေလိုပဲ Ernie ရဲ့ ရေမျောကား ၂ စီးလည်း အာမခံ သက်တမ်းကျန်ရှိ နေပါစေလို့ပဲ မျှော်လင့်ရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com