McLaren ရဲ့ P1 ဆိုတဲ့ ကားကတော့ လျှပ်စစ်စွမ်းအင်နဲ့ သာမန်အင်ဂျင်တွေပေါင်းစပ်တဲ့ Hybrid ကားတွေ ရဲ့ အစ မှာ စွမ်းဆောင်ရည် ကောင်းခဲ့တဲ့ ဆယ်စုနှစ် တစ်ခုဆီက ကားတစ်စီး ဖြစ်ပါတယ်။ အဆိုပါ အချိန်တုန်းက ဆိုရင် ဈေးကွက်ထဲမှာ Hybrid နည်းပညာနဲ့ Toyota Prius ကို စတင်တုန်းပဲ ရှိပါသေးတယ်။ အဆိုပါ  P1 Hybrid ကားက‌ တော့ Hybrid ခေတ်အစက ရှေ့ဆောင်ကားတွေ ဖြစ်ကြတဲ့ Ferrari LaFerrari နဲ့ Porsche 918 Spyder တို့နဲ့အတူ အပြိုင်ကြဲ‌နိုင် ခဲ့တာဖြစ်ပြီး စွမ်းဆောင်ရည်မြင့် V8 Engine ကိုမှ Hybrid ကြောင့် 903 hp ဆိုတဲ့အထိကို ကြမ်းခဲ့တာပါ။ ဒါ့အပြင် 4.7 kWh ဘက်ထရီကိုလည်း ထည့်သွင်းပေးထားခဲ့ပြီး EPA Rating အရ ဆိုရင် တော့ လျှပ်စစ် စွမ်းအင်သီးသန့်နဲ့ ၁၉ မိုင် အထိ မောင်းနှင်နိုင်တာ ဖြစ်ပါတယ်။ McLaren တို့ကလည်း အဆိုပါ P1 ကားပြီး ကတည်းက နောက်ပိုင်း ဘက်ထရီနည်းပညာ ပိုင်းတွေမှာ အတော်လေး တိုးတက် လာခဲ့ပြီးပါပြီ။ ဒါကြောင့် အခု ဆိုရင်တော့ အဆိုပါ P1 ကားအတွက် ရော သူ့ရဲ့ တွဲဖက်ဖြစ်တဲ့ P1 GTR Track Car ပြိုင်ကားတွေ အတွက်ကိုပါ ပိုကောင်းတဲ့ ဘက်ထရီ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပေးလာ နိုင်ခဲ့ပြီ ဖြစ်ပြီး လာမယ့် ဇူလိုင်လ က စလို့ ဘက်ထရီ အသစ်တွေ ထည့်သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။ အခုလို ကားအတွက် ဘက်ထရီတွေ အဆင့်မြှင့်တင် ပေးထားတဲ့ အပိုင်းမှာတော့ မကြာသေးမီက Speedtail Hypercar ကို နမူနာယူထား ခဲ့ပြီး P1 ရဲ့ လက်ရှိ ဘက်ထရီကိုပဲ ပိုကြီးတဲ့ ဘက်ထရီနဲ့ အစားထိုးလာခဲ့တာပါ။ အဆိုပါ ဘက်ထရီ အသစ်ကတော့ ပေါင် ၁၁၀ လေးပြီး မူလတုန်းက ၂၃၄ ပေါင်အထိ လေးခဲ့ တဲ့ ဘက်ထရီ ထက်တစ်ဝက် လောက်ကိုပေါ့သွား တာဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခုလို ပေါ့ပါးလာတဲ့ ဘက်ထရီ အလေးချိန်နဲ့အတူ စွမ်းဆောင်ရည်ပိုင်းတွေလည်း ယခင်ကထက် ပိုကောင်းလာ ခဲ့ပြီး တစ်နာရီကို ၁၈၆ မိုင် အထိ အရှိန်တင်နိုင်ဖို့ အတွက် ၁၆.၁ စက္ကန့်ပဲ ကြာမြင့်ကာ ယခင်ကထက် ကြာချိန်ကို ၀.၄ စက္ကန့် လောက်အထိ ကိုလျှော့ချ နိုင် ခဲ့ပါ တယ်။ ဒါ့အပြင် အဆိုပါကားကိုပဲ ဘက်ထရီအသစ်နဲ့ Nardo Test လမ်းကြောင်းမှာ မောင်းနှင် စမ်းသပ်ရာမှာတော့ ယခင်ကထက် စက္ကန့် ဝက် လောက်အထိ ပိုမြန်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လျှပ်စစ် Range အပိုင်းကတော့ ယခင်ကထက် လျော့ကျသွားခဲ့ရပြီး ယခင်ရှိထား ခဲ့တာထက် လေးပုံတစ်ပုံ လောက်ပဲ မောင်းနှင် နိုင်တော့တယ်လို့ သိရပါတယ်။ အကြောင်းကတော့ Power ပိုင်းကို ပိုမို ထောက်ပံ့ပေးလာရတဲ့ ဘက်ထရီ Cell တွေနဲ့ Range အပိုင်း အပြောင်းအလဲတွေကြောင့်ပါပဲ။ ဒါပေမယ့်လည်း လျှပ်စစ်စွမ်းအင် သီးသန့်နဲ့ မောင်းနှင်နိုင်တဲ့ ပမာဏ လျော့ကျသွားတာကိုတော့ ပိုင်ရှင်တွေ အဖို့ သိပ်ဂရုစိုက်စရာ လိုမှာ မဟုတ်ပဲ စွမ်းဆောင်ရည် ပိုကောင်းပြီး ပိုမို ပေါ့ပါးလာတာနဲ့တင် တန်နေပါပြီ။ အဆိုပါ ဘက်ထရီလဲလှယ် အဆင့်မြှင့်တင်မှုကိုတော့ McLaren ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ် တွေထံမှာ $ 156,700 နဲ့ လဲလှယ်နိုင်မှာ ဖြစ်ပြီး ဘက်ထရီ အသစ်ရဲ့ အာခမံ သက်တမ်းကတော့ ၆ နှစ်အထိ ရရှိမှာ ဖြစ်ပါတယ်။

Ref: MotorAuthority