Mazda ကတော့ မနှစ်က ဥရောပ ဈေးကွက်ထဲ CX-60 ၊ မကြာသေးမီကမှ အမေရိက ဈေးကွက်ထဲ CX-90 တို့ကို ချပြထားခဲ့အပြီးမှာတော့ အခုနှစ် နှောင်းပိုင်း မှာတင်ပဲ နောက်ထပ် Rear-Wheel Drive SUV တစ်မျိုးကို မိတ်ဆက်လာ ဖို့ ပြင်ဆင်နေပါပြီ။ မြောက်အမေရိက ဈေးကွက်ထဲမှာလည်း CX-90 ကို ထိုင်ခုံနှစ်တန်း Version အဖြစ် နဲ့ CX-70 အဖြစ် ပွဲထုတ်လာဦးမှာ ဖြစ်တဲ့ Mazda တို့ ကတော့ အခု တစ်ခါ CX-80 ကိုလည်း ဥရောပ ဈေးကွက်ထဲ ရောက်အောင် အခုနှစ် နှောင်းပိုင်းမှာ ချပြလာတော့မယ်လို့ သိရပြန်ပါတယ်။ ကားသစ်ကို သေချာပေါက်ချပြလာမယ် ဆိုတာ ကုမ္ပဏီ ရဲ့ ဥရောပ တာဝန်ခံကိုယ်တိုင် အတည်ပြုပေးထားပြီး အသေးစိတ် အချက်အလက်တွေ မဖော်ပြထား သေးပေမယ့်လည်း CX-60 ထက် ပိုကြီးလာမယ့်  ထိုင်ခုံ ၃ တန်းပါ ကားဖြစ်လာဖို့ ပိုများနေပါတယ်။ တစ်နည်းအားဖြင့် တော့ ကိုယ်ထည် အနည်းငယ် ပိုကျဉ်းတဲ့ CX-90 ကို ဥရောပ Version အနေနဲ့ မြင်ရမယ့် သဘောလည်း ဖြစ်ပါတယ်။ အဆိုပါ ကားသစ်ကို ဥရောပမှာ ထွက်ပြီဆိုရင်လည်း သီးသန့်တော့ မဟုတ်နိုင်ပဲ ဂျပန်နဲ့ အခြားသော ဈေးကွက်တွေ မှာပါ ဆက်တိုက်ဖန်တီး ပေးလာနိုင် ပါသေးတယ်။

Photo Credit: motor 1.com

ဒီ အတိုင်းဆိုရင်တော့ ၇ ယောက် စီး ဖြစ်လာမယ့် အဆိုပါ ကားသစ်က ယခင် CX-60 ရဲ့ ၁၈၆.၆ လက်မ အရှည်ထက် ပိုရှည်လာဖို့ ရှိနေပြီး တတိယမြောက် ခုံတန်းထည့်ရမှာ ဖြစ်တာကြောင့် ဘီးတွေအကြား အကွာအဝေးကလည်း ယခင် ကား ၁၁၃ လက်မ ပမာဏထက် ပိုဝေးနိုင်ပြန်ပါတယ်။ အဓိကအားဖြင့် Mazda ရဲ့ Rear-Wheel Drive အခြေပြု Platform အသစ် ပေါ်မှာ ဖန်တီးလာမှာဖြစ်ပြီး Inline-Six Gasoline အင်ဂျင်နဲ့ ဒီဇယ် အင်ဂျင်တွေကိုလည်း ရွေးချယ် လို့ ရနိုင်မှာဖြစ်ကာ Plug-In Hybrid အမျိုးအစားလည်း ပါဝင်လာပါဦးမယ်။ တစ်ချို့သော ဈေးကွက်တွေ ထဲမှာဆိုရင် တော့ CX-60 တုန်းက Four-Cylinder အင်ဂျင်တစ်မျိုးတည်းနဲ့သာ ရခဲ့ဖူးတာ ဖြစ်ပေမယ့် အခုကားကြီး အနေနဲ့ ဆိုရင် တော့ Four-Pot အင်ဂျင် စွမ်းဆောင်ရည် ပေးလာမလား တစ်ခြား ဈေးကွက်တွေအတွက် စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

Photo Credit: motor 1.com

ဒါ့အပြင် ဥရောပ ဈေးကွက်အတွက် CX-3 ကားကို ဆက်လက် မထုတ်လုပ် ဖြစ်တော့ဘူးလို့ ဥရောပတာဝန်ခံ Martijn Ten Brink က အတည်ပြု ပေးခဲ့ပါတယ်။ အဆိုပါ Subcompact Crossover ကားကို ဈေးကွက်ထဲ ထပ်မမှာနိုင် တော့ပေမယ့် လက်ရှိ ကျန်သလောက်ပဲ ရနိုင်တော့မှာလည်း ဖြစ်ပါတယ်။ လက်ရှိ ဥရောပ ဈေးကွက်တွေ ထဲမှာတော့ ကုမ္ပဏီ ဘက်ကနေ CX-5 ကားကို ၂၀၂၃ အတွက် ရောင်းအား အကောင်းဆုံး မော်ဒယ် ဖြစ်လာဖို့ ပစ်မှတ်ထားနေပြီး Mild-Hybrid ဓာတ်ဆီ အင်ဂျင် Version ကြောင့်လည်း ပိုအလုပ် ဖြစ်စေဖို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် Ten Brink ကတော့ MX-30 အလွန်မှာ Range ပိုကောင်းစေမယ့် Rotary Engine တွေ ဆက်သုံးလာနိုင်ဖို့ ရှိမရှိဆိုတာကို အတည်မပြု ပေးနိုင်ခဲ့ပါဘူး။ တစ်ဖက်မှာတော့ CX-3 နဲ့ CX-30 တို့ဟာ Platform တစ်ခုတည်း အတူတူသုံးထားတာ ကြောင့် Plug-In Hybrid ကို အတူတူသုံးမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်လို့တော့ ဆိုထား ခဲ့ပါတယ်။ ‌အခု ဆယ်စုနှစ် အကုန်မှာတော့ Mazda အနေနဲ့ နှစ်စဉ် ကားရောင်းအားရဲ့ ၄၀% ကနေ ၇၀% အထိကို လျှပ်စစ်ကားတွေ ဖြစ်လာဖို့ မျှော်မှန်းထားတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com