CX-90 ကားသစ်ကို လောလောလတ်လတ် မိတ်ဆက်ပေးထားတဲ့ Mazda တို့ အတွက်ကတော့ အခုနှစ် အတွင်းကားသစ် ဒီတစ်မျိုးတည်း မဟုတ်နိုင်ပဲ နောက်ထပ် CX-70 ဆိုတဲ့ Crossover တစ်မျိုးကိုပါ မိတ်ဆက်ပေးလာ လိမ့်ဦးမယ်လို့ သိရပါတယ်။ ထူးခြားတာကတော့ အဆိုပါ ကားမှာလည်း အခု CX-90 ရဲ့ Platform ကိုပဲ အတူတူ သုံးပေးထားမှာဖြစ်ကာ ထိုင်ခုံ ၂ တန်းပါလာမှာ ဖြစ်ပါတယ်။ အခု အမေရိက ဈေးကွက်မှာ မြင်လာရတဲ့ CX-90 က တော့ Mild-Hybrid အမျိုးအစားဖြစ်ပြီး Turbocharged 3.3 Liter Inline-Six အင်ဂျင်နဲ့ တွဲဖက်ပေးထားပါတယ်။ ဒီ တစ်မျိုးတည်းတော့ မဟုတ်သေးပဲ နောက်ထပ် All-Wheel Drive စနစ်ကိုပါ ပေါင်းထည့် ပေးထားသေးတာကြောင့် စွမ်းဆောင်ရည် ပိုင်းကပါ 340 hp နဲ့ 369 lb-ft Torque အထိ ရှိလာတာ ဖြစ်ပါတယ်။ နောက်ထပ် ရွေးချယ်စရာ အင်ဂျင်တစ်မျိုး အနေနဲ့တော့ 2.5 Liter Four-Cylinder အင်ဂျင်ကို Plug-In Hybrid အတွဲအစပ်အဖြစ် ဖန်တီး ပေးထားတာဖြစ်ပြီး 17.8 kWh ဘက်ထရီ နဲ့ လျှပ်စစ်မော်တာတို့ ပေါင်းစပ်ထားတာကြောင့် 323 hp နဲ့ 369 lb-ft Torque အထိ ရှိလာပါတယ်။

Photo Credit: motor 1.com

လာမယ့် CX-70 အသစ်မှာ ဆိုရင်လည်း အလားတူ အင်ဂျင်ပုံစံ ၂ မျိုး နဲ့ မိတ်ဆက်ပေးလာနိုင်ပြီး လက်ရှိအထိတော့ ကားသစ်အတွက် အသေးစိတ် အချက် အလက်တွေ သိပ်မသိ ရသေးပါဘူး။ ဩစတြေးလျ ကား ဈေးကွက် ထဲမှာတော့ Mazda တို့က CX-60 ကို မိတ်ဆက်ပေးထားပြီး 3.3 Liter ဓာတ်ဆီ အင်ဂျင်ကိုပဲ သုံးပေးထားတာပါ။ CarExpert သတင်းကို ပြောကြားခဲ့တဲ့ Mazda ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ကတော့ အမေရိကမှာ မိတ်ဆက်လာမယ့် CX-70 မှာ ကွာခြားချက်တွေ ရှိလာလိမ့်မယ်လို့ ဆိုထားပါသေးတယ်။ အဓိက ကတော့ CX-60 နဲ့ CX-90 အကြား ပိုပြီး ကွာခြား လာတာ လေးတွေကို ကြားထဲမှာ ဖြည့်ပေးနိုင်ဖို့အတွက် CX-70 မှာ အင်ဂျင်အသစ်တွေ ပေးလာ နိုင်ပါတယ်။ ဒါပေမယ့် ဒီဇိုင်းပိုင်းတွေ အရတော့ Platform အတူတူ သုံးထားတဲ့ CX-90 နဲ့ ဘယ်လောက် အထိ ကွာခြားလာမလဲဆိုတာ မသိ ရသေးပေမယ့် နောက်ပိုင်း Mazda ဆီက မြင်လာရတဲ့ ဒီဇိုင်း ခပ်လန်းလန်းလေးတွေလိုပဲ ဆက်မြင် ရလိမ့်မယ်လို့ မျှော်လင့် ရပါတယ်။ မြောက်အမေရိက ဈေးကွက် ရဲ့ Mazda ဥက္ကဌနဲ့ CEO ဖြစ်သူ Jeff Guyton ဆိုသူကတော့ အခု လာမယ့် CX-70 ကားသစ်ဟာ ယခင် ၂၀၀၆ ကနေ ၂၀၁၂ အထိ ထုတ်လုပ်ခဲ့ဖူးတဲ့ CX-7 ကားအဟောင်းနဲ့ အတော်လေးနီးစပ် လိမ့်မယ်လို့ ဆိုထားပြီး ဘယ်လောက် အထိ အမွေဆက်ခံ လာမှာလဲ ဆိုတာကတော့ စောင့်ကြည့် ရဦးမှာပါ။

Photo Credit: motor 1.com

Guyton ကိုယ်တိုင်ကပဲ အဆိုပါ ကားသစ်ကို အခုနှစ် နှောင်းပိုင်းမှာတင် မိတ်ဆက်ပေးလာလိမ့်မယ်လို့ တရားဝင် အတည်ပြုပေးခဲ့ပြီး ရက်အတိအကျက တော့ မသိရသေးပါဘူး။ ဒါ့အပြင် အခု လတ်တလောမှ မြင်ထားရတဲ့ CX-90 ကားသစ်ကိုလည်း အခုနှစ် နှောင်းပိုင်းမှာပဲ ရောင်းချမလား ၊ ဘယ်အချိန်မှာ စတင် ရောင်းမလဲ ဆိုတာပါ မသိရ သေးတာပဲ ဖြစ်ပါတယ်။ Mazda ကတော့ ကုမ္ပဏီတွေ အများကြီးထဲကမှ  အရမ်းကြီးတဲ့ လုပ်ငန်းကြီး တစ်ခုတော့ မဟုတ်ပေမယ့်လည်း ထုတ်သမျှ ကားတိုင်းရဲ့ ထူးခြားတဲ့ ဒီဇိုင်း အပြင်အဆင် လက်ရာကောင်းမွန်မှုတွေကြောင့် အခု ကားသစ် တွေကလည်း စိတ်ဝင်စားမှု ရနေကြဦးမှာ သေချာနေတာပဲ ဖြစ်ပါ တယ်။

Ref: motor 1.com