အီတလီ ကားကုမ္ပဏီကြီး Maserati ရဲ့ ဒီဇိုင်း ပြောင်းလဲကာ ပွဲထွက်လာမယ့် Redesigned GranTurismo ကားအသစ်ကို အခုနှစ်နှောင်းပိုင်းမှာ စတင်မိတ်ဆက် လာတော့မှာဖြစ်ပြီး အခုဆိုရင်တော့ ကားသစ်နဲ့ ပတ်သက်တဲ့ အချက်အလက် တစ်ချို့ကို စတင်သိခွင့်ရလာခဲ့ပြီ ဖြစ်ပါတယ်။ အခု စက်တင်ဘာလ အစောပိုင်းတုန်းကပဲ Maserati က ကားသစ်နဲ့ ပတ်သက်လို့ ချပြထားတဲ့ Video တစ်ခုမှာတော့ ကားမှာ GranTurismo Folgore လို့ အမည်ရမယ့် လျှပ်စစ်ကားမျိုးကွဲ တစ်ရပ်ပါ ပါလာမှာ ဖြစ်တယ်လို့ သိထားရပြီး အခုဆိုရင်တော့ ကားသစ်ရဲ့ စွမ်းဆောင်ရည် အချက်အလက် တစ်ချို့ပါ ထွက်ပေါ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ ကုမ္ပဏီကနေ GranTurismo Modena နဲ့ GranTurismo Trofeo ဆိုတဲ့ ကား ၂ မျိုးကို ချပြခဲ့ပြီး အဆိုပါ ကားတွေမှာ Maserati MC 20 တုန်းက Twin-Turbo 3.0 Liter V6 Engine တွေကိုပဲ အတူတူ တပ်ဆင်ပေးလာလိမ့်မယ်လို့ အတည်ပြု နိုင်ခဲ့ပါတယ်။ အဆိုပါ အင်ဂျင် အနေနဲ့ကတော့ 621 hp နဲ့ 538 lb-ft Torque အထိကို စွမ်းဆောင်နိုင်ထားတာကြောင့် အခု ကားတွေမှာလည်း ဒီပမာဏ ဝန်းကျင်ပဲ ဖြစ်လာဖို့ များပါတယ်။

Photo Credit: MotorAuthority

အဆိုပါ ကားတွေကို ပြသခဲ့ရာမှာတော့ Maserati ရဲ့ Trident Logo နဲ့ အတူ 75th ဆိုတဲ့ စာသားလေးတွေ ကိုလည်း မြင်လိုက်ရပါတယ်။ 75th ဆိုတဲ့ စာသားလေးကတော့ Maserati A6 1500 ကားရဲ့ ၇၅ နှစ် ပြည့် ကို အမှတ်တရ ‌ဖြစ်အောင် ထည့်ပေးထားလိုက်တာဖြစ်ပြီး အဆိုပါကားဟာ ကုမ္ပဏီရဲ့ Grand Tourer Class ကားတွေရဲ့ ယခင် မူလ မျိုးဆက် ကားလည်း ဖြစ်ခဲ့ပါတယ်။ လျှပ်စစ်မျိုးကွဲအသစ် Folgore ကားမှာ တော့ လျှပ်စစ်မော်တာ ၃ လုံးကို အရှေ့ ဘက် ဝင်ရိုးမှာတစ်လုံး၊ အနောက်ဘက် မှာ ၂ လုံး တပ်ဆင်ထားမယ်လို့ အတည်ပြုပေးခဲ့ပြီး 1,200 hp လောက် အထိကို စွမ်းဆောင်လာ နိုင်မှာပါ။ ဒါကြောင့် ကားအနေနဲ့ တစ်နာရီ မိုင် ၆၀ အရှိန်တင်ဖို့ ဆိုရင်တောင် ၂.၆ စက္ကန့် အတွင်းမှာတင် စွမ်းဆောင်နိုင်မှာဖြစ်ပြီး အမြင့်ဆုံးကတော့ တစ်နာရီ မိုင် ၂၀၀ ကျော် လာနိုင်ပါတယ်။ ကားသစ် ရဲ့ ဘက်ထရီတွေကို မဖော်ပြထားသေးပေမယ့် လည်း မိုင် 100 Range ပမာဏ မောင်းနိုင်ဖို့ ဆိုရင်တော့ ၁၀ မိနစ် အားသွင်းရုံနဲ့တင် လုံလောက်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။ အဆိုပါ ပမာဏနဲ့ အားသွင်းနိုင်ဖို့ DC Fast Charger လိုအပ်သလို လာမယ့် ၂၀၂၃ မှာ Maserati တို့ ဝင်ပြိုင်မယ့် Formula E လျှပ်စစ်ကားတွေမှာ သုံးတဲ့ 800-Volt လျှပ်စစ်ပတ်လမ်း စနစ်ကို သုံးထားနိုင်လို့ပဲ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Maserati တို့ကလည်း အခြားသော ကားကုမ္ပဏီ တွေလိုပဲ လျှပ်စစ်ကား အနာဂတ် တစ်ခုကို ကူးပြောင်းတော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း 2023 Grecale Crossover ကားရဲ့ လျှပ်စစ်မျိုးကွဲကား Folgore Version ကို ချပြထား ပြီးဖြစ်သလို MC 20 မှာလည်း လျှပ်စစ်ကား အမျိုးအစားရလာဦးမယ်လို့ အတည်ပြုထားပြီးပါပြီ။ တစ်ချို့သော ဈေးကွက် တွေမှာတော့ GranTurismo ကားသစ်ကိုပဲ အမိုးဖွင့်ကား အနေနဲ့ မြင်ရနိုင်သလို Folgore မှာလည်း သီးသန့်အနေနဲ့ ဖြစ်လာနိုင်လို့ စောင့်ကြည့်ရမှာပါ။ ဒါ့အပြင် Maserati အနေနဲ့ Quattroporte နဲ့ Levante တို့လို ကားတွေကိုပါ Redesigned Version ကားသစ်တွေ အနေနဲ့ ပြန်လည်ထုတ်ပေးနိုင်သလို လျှပ်စစ်မျိုးကွဲတွေလည်း ဖန်တီးပေးလာနိုင်ပါသေးတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အတည်ပြုချက်အရတော့ လက်ရှိပုံစံနဲ့ Ghibli ကားကို ထပ်မမြင်ရနိုင်တော့တာကြောင့်ဘယ်လိုအ ပြောင်း အလဲတွေ ရှိလာဦးမလဲဆိုတာ ဆက်လက် ရင်ခုန် စောင့်ဆိုင်းရဦးမှာပါ။

Ref: MotorAuthority