အမေရိကန် နိုင်ငံရဲ့ မူပိုင်ခွင့်တင်သွင်းရတဲ့ ရုံးဆီကို နာမည်ကြီးကားကုမ္ပဏီ Ford တို့ဆီကနေ ထူးထူးခြား ခြား နည်းပညာ တစ်ခုကို မူပိုင်ခွင့်တင်လာခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ နည်းပညာကတော့ Electronic Clutch ဆိုတဲ့ နည်းစနစ် ဖြစ်ပြီး ယာဉ်မောင်းတွေအနေနဲ့ Manual Gear ကို ကလပ်နင်းစရာ မလိုပဲ ထိုးနိုင် အောင် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။  အဆိုပါ နည်းပညာကတော့ ပုံမှန်အားဖြင့် ကလပ်ခြေနင်းနဲ့ Throwout Bearing တို့အကြား ချိတ်ဆက် ပေးထားမယ့် ပုံစံဖြစ်ပြီး ဂီယာ အပြောင်းအလဲကို အလိုအလျောက် သိရှိ‌ လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ စနစ်မှာ ပါဝင်မယ့် Sensors တွေကလည်း ဂီယာဘယ်နေရာမှာ ထိုးနေလဲ ၊ ကလပ်ကရော မှန်မှန်ကန်ကန်ရှိနေရဲ့လားဆိုတာတွေကိုပါ တစ်ပါတည်း ထောက်လှမ်း စစ်ဆေး ပေးနေနိုင်မှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

အဆိုပါ နည်းပညာအရကတော့ ကလပ်ခြေနင်းကိုတောင် ဖယ်ထုတ်လိုက်လို့ရတဲ့ အဆင့်ဖြစ်ပေမယ့်လည်း Ford ကတော့ ထည့်သွင်း ပေးထားဦးမယ်လို့ ဖော်ပြထားပါတယ်။ အဓိက ကလပ် ခြေနင်းကတော့ သာမန် ကားတွေမှာလို ကိုယ်တိုင် အလုပ်လုပ်တာထက် Electronic Control Module ကနေတစ်ဆင့် အလုပ်လုပ် တဲ့ပုံစံဖြစ်သွားပြီး Throttle နဲ့ ဘရိတ်တို့ကို တစ်ချို့ကားတွေမှာ ဝိုင်ယာနဲ့အလုပ်လုပ်ပုံချင်းဆင်တူပါတယ်။ ဒါ့အပြင် အခု စနစ်အသစ် မှာတော့ Ford က Override Button တစ်ခုကို Clutch အစား  ဂီယာနဲ့ တွဲဖက် ထည့်ပေးဦးမယ်လို့ သိရပါတယ်။ ဒီ စနစ် ကတော့ ကလပ်ကို ဖြုတ်ထားတော့မယ့်အစီအစဉ် တွေထဲကတစ် ရပ်ဖြစ်နိုင်ပြီး အဆိုပါနည်းပညာအရ ဆိုရင်တော့ ဂီယာထိုးရင်းနဲ့ အဆိုပါ Button အသစ်လေးမှာ ရလာမယ့် ဖိအားက ကလပ်နင်းတဲ့အခါရလာတဲ့ ဖိအားနဲ့ အတူတူ အလုပ်လုပ်နိုင် လောက်တယ်လို့ ယူဆရပါတယ်။

Photo Credit: MotorAuthority

Ford ကတော့ အဆိုပါ Electronic Clutch စနစ်က ဘာမှ ထွေထွေ ထူးထူးပြင်ဆင် ပြောင်းလဲနေစရာ မလိုအပ်ဘူးလို့ ဖော်ပြထားပြီး Rear Wheel Drive ကားတွေလို အင်ဂျင်ကို အရှည်လိုက်တပ်ဆင်ထားမယ့် ကားတွေကနေ Four Wheel Drive ကားတွေ အထိ ကောင်းကောင်း သုံးလို့ ရမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အခု မူပိုင်ခွင့် တွေထဲမှာ တော့ အဆိုပါစနစ်အသစ်ကို ဘယ်တော့လောက် စတင်ချပြပြီး တရားဝင် စတင်ထုတ်လုပ်မလဲ ဆိုတာကိုတော့ မမြင် ရသေးတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဒီနည်းပညာသာ စတင် အသက်ဝင်ဖို့ သေချာပြီဆိုရင် စသုံးလာမယ့် ကားအသစ်က မျိုးဆက်သစ် Mustang ဖြစ်လာနိုင်ပြီး S 650 လို့ Code Name သိထားရတဲ့ အဆိုပါ ကားအသစ်ကို တော့ လာမယ့် ၂၀၂၃ ထဲမှာ ၂၀၂၄ မော်ဒယ် အနေနဲ့ ရရှိလာနိုင်ပါတယ်။ ဒါ့အပြင် မကြာသေးမီကမှ 4-Cylinder EcoBoost Mustang ရော V-8 Mustang GT ကားတို့ကိုပါ ပုံရိပ်တစ်ချို့ မြင်တွေ့ထားရတာကြောင့် အဆိုပါ ကားအသစ်တွေကို မြင်ရဖို့ကလည်း သိပ် မလိုတော့ဘူးလို့ ယူဆရပါတယ်။

Ref: MotorAuthority