Mercedes-AMG SL ကတကယ့်ကို စွမ်းဆောင်ရည်ကောင်းတဲ့ ကားတစ်စီးဆိုတာ ဘယ်သူမှငြင်းနိုင်မယ် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Manhart ကတော့ ဒါကို ကျေနပ်မနေပဲ Manhart SL 800 R ကားအဖြစ် ပြုပြင်ဖန်တီးလိုက်ပါတယ်။ အဆိုပါကားမှာတော့ Twin-Turbocharged 4.0 Liter V8 Motor ကို ပြောင်းလဲခြင်းမရှိခဲ့ပဲ SL ရဲ့ Fenders တွေကြားထဲ အထိုင်ချထားခဲ့ပါတယ်။ အဆင့်မြှင့်တင်ထားတဲ့ Turbocharger တွေ၊ Intercooler တစ်ခု နဲ့ ကာဗွန် Intake တွေကို တပ်ဆင်ပေးလိုက်ပြီး အဆိုပါ အတွဲ အဖက်တွေကြောင့် 800 hp နဲ့ 738 lb-ft Torque အထိ စွမ်းဆောင်ရည်ကောင်းလာခဲ့ပါတယ်။
အခြားစွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်ပြီး Manhart က ထုတ်ဖော်ပြောကြားထားခြင်းမရှိပေမယ့် မူလ စက်ရုံထုတ် Mercedes-AMG SL63 တောင်မှ 0-62 mph အထိ အရှိန်တင်မောင်းနှင်ဖို့ အချိန် ၃.၅ စက္ကန့် သာ ကြာမြင့်ကာ အမြင့်ဆုံးအရှိန်အနေနဲ့ 196 mph အထိ စွမ်းဆောင်နိုင်တာကြောင့် အခု ပြုပြင်ဖန်တီး လိုက်တဲ့ SL 800R က ပိုပြီး သိသိသာသာ မြန်ဆန်လာလိမ့်မယ်ဆိုတာ သေချာနေပါတယ်။ Suspension ကို ချိန်ညှိလိုက်တာကြောင့် ကားရဲ့ အမြင့်က အနည်းငယ် နိမ့်ကျသွားသလို Manhart ရဲ့ အဆိုအရတော့ စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ပြီး အပိုရွေးချယ် စရာတွေနဲ့ အမျိုးမျိုးသော Cosmetic တွေ ၊ အတွင်းပိုင်း ပြင်ဆင်မှုတွေကို စိတ်တိုင်းကျရွေးချယ် ဖန်တီးနိုင်သေး ကြောင်း သိရပါတယ်။ အဆိုပါ Manhart SL 800 R နဲ့ပတ်သက်ပြီး ဈေးနှုန်းကို မသိရသေးပေမယ့် ဂျာမနီ ကား Tuner ကတော့ အမှာစာတွေကို စတင် လက် ခံနေပြီပဲ ဖြစ်ပါတယ်။
Ref: AllAutoExperts