လျှပ်စစ် ကားတွေထဲ 1,111 hp နဲ့ တစ်နာရီ မိုင် ၆၀ နှုန်းကို ၂.၆ စက္ကန့် အတွင်းအရှိန်တင်မောင်းနိုင်တဲ့ Lucid Air Dream Edition ကို ကြမ်းလှပြီထင်ရင်တော့ အခု အသစ်ချပြလိုက်တဲ့ Lucid Air Sapphire ကားအသစ်က တစ်ခြား ကမ္ဘာ ကလားလို့တောင် ထင်ချင်စရာ ဖြစ်နေပါလိမ့်မယ်။ အဆိုပါ ကားအသစ်မှာ Lucid တို့က တတိယမြောက် လျှပ်စစ်မော်တာ ထပ်ထည့်ခဲ့ပြီး တစ်နာရီ မိုင် ၆၀ နှုန်း အရှိန်တင်နိုင်ဖို့ကို ၂ စက္ကန့်အောက်မှာတင် ဖြစ်အောင် လုပ်နိုင်ခဲ့သလို စွမ်းဆောင်ရည် ကလည်း 1200 hp ကျော်လောက် အထိ ဖြစ်လာမယ်လို့ သိရပါတယ်။ Tesla Model S Plaid ကို အဓိက ယှဉ်ပြိုင်ထားတဲ့ အခုကားကတော့ တစ်နာရီမိုင် ၁၀၀ နှုန်း အရှိန်ရဖို့ကိုလည်း ၄ စက္ကန့် အောက်မှာတင် ရအောင်လုပ်နိုင်သလို တစ်မိုင်ရဲ့ လေးပုံတစ်ပုံ လောက်ကိုတင် ၉ စက္ကန့် မကြာပဲ မောင်းနိုင်မယ်လို့ သိရပါသေးတယ်။ အထူးသဖြင့် အမြင့်ဆုံး မြန်နှုန်းက မိုင် ၂၀၀ ကျော်မှာဖြစ်လို့ လျှပ်စစ်ဟုတ်ဟုတ် မဟုတ်ဟုတ် ကမ္ဘာပေါ်က ရှိသမျှ Sedan တွေထဲ အမြန်ဆုံးတောင်ဖြစ်လာခဲ့ပါပြီ။ တတိယမြောက် လျှပ်စစ်မော်တာ ကိုတော့ ‌အနောက်ဘက် ဝင်ရိုးမှာ တပ်ဆင်ထားကာ Heat Exchanger နည်းပညာသစ်နဲ့ အပူသက်သာပြီး စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ပေးထားပါတယ်။ ဘက်ထရီကိုလည်း ပိုကောင်းအောင် မြှင့်တင်ပေးထားသေးပြီး မော်တာ တစ်လုံးစီ ကတင် 670 hp လောက်အထိ ရလာခဲ့တာကြောင့် ဘက်ထရီကလည်း ပိုစွမ်းအင် ထောက်ပံ့ ပေးနိုင်အောင် ပြောင်းလဲလာခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ hp ပမာဏ အတိအကျကို ကုမ္ပဏီဘက်က ချပြသွားမှာ ဖြစ်ပြီး ကားရဲ့ စွမ်းဆောင်ရည် အသေးစိတ်ကိုလည်း သရုပ်ပြသွားဦးမှာ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

Lucid Group ရဲ့ Chassis နဲ့ ယာဉ်ပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ David Lickfold ကတော့ အခု ကားကခေတ်သစ် ကား ကိုယ်ထည်ထိန်းချုပ်နိုင်မှု နည်းပညာသစ်တွေ၊ ပိုမောင်းလို့ကောင်းမယ့် စွမ်းဆောင်ရည်တွေနဲ့ အတူ တကယ့် သူမတူတဲ့ စွမ်းအင်ပေးနိုင်လိမ့်မယ်လို့ ဆိုထားပါတယ်။ အခု ကားမှာတော့ အင်ဂျင်နီယာတွေက ပိုကောင်းတဲ့ လုပ်အားနှုန်းတွေ ရလာအောင် Damper Settings တွေကအစ ပြန်ပြင်ပေးထားပြီး ABS တွေ ၊ Traction တွေ ပိုကောင်းလာပြီး ကားကလည်း ပိုငြိမ်နေမယ့်အပြင် Electric-Assist စတီယာတိုင်ကြောင့်လည်း ပိုမောင်းလို့ ကောင်းနေမှာပါ။ ကားရဲ့ ဘရိတ်တွေကလည်း Carbon Ceramic တွေ ဖြစ်သွား ခဲ့ပြီး တာယာတွေ ကလည်း ပိုကျယ် တဲ့ Michelin PS4S တာယာတွေကို ပြောင်းသုံးပေးထားပါတယ်။ ဘီးတွေမှာတင်ပဲ Aerodynamic ပိုကောင်း စေဖို့ သေချာ ဂရုစိုက်ထားတဲ့ ကာဗွန်ဖိုက်ဘာအဖုံးတွေ ပါနေပါ သေးတယ်။ တကယ်တမ်းမှာတော့ ကားက စွမ်းဆောင်ရည် ပိုကောင်း လာတယ်ဆိုပေမယ့်မောင်းနှင်နိုင်တဲ့ Range ကတော့ ကျလာနိုင်ပြီး ယခင် Air Grand Touring Performance ကားရဲ့ တစ်ခါအားသွင်း ၄၄၅ မိုင် မောင်းနိုင်တဲ့ ပမာဏ အောက်လောက်ပဲ ရှိလာ နိုင်ပါတယ်။ အနောက်ဘက် မော်တာ ၂ လုံးကတော့ Torque Vectoring ပိုကောင်းဖို့ အဓိက တာဝန်ယူထားပြီး Lucid အနေနဲ့ အပြင်ဘက် ဘီးတွေကို စွမ်းဆောင် ရည် ပိုကောင်းစေကာ အတွင်းဘက် ဘီးတွေကိုတော့ ဘရိတ် ပိုင်း ပိုကောင်းစေဖို့ ခွဲခြား‌အားစိုက်ပေးထားတာ လည်းဖြစ်ပါတယ်။

Photo Credit: MotorAuthority

အခု Sapphire ကားသစ်မှာတော့ သီးသန့်ဆန်မယ့် Sapphire Blue ဆိုတဲ့ အပြာရောင် အသစ်လေးကိုလည်း ထည့်သွင်းပေးထားပြီး Brand ရဲ့ Dark Stealth Package အသစ် ကိုပါ Air Sapphire Model အသစ် တွေမှာ ရရှိ အောင် စီစဉ် ပေးထားဦးမှာပါ။ ကားအတွင်းခန်းထဲ ဝင်ကြည့်လိုက်မယ် ဆိုရင်လည်း Sapphire Mojave လို့ခေါ်တဲ့ အရောင် Theme အသစ်ကို ခံစားရမှာ ဖြစ်သလို အနက်ကိုမှ အပြာရောင် အစင်း‌လေး တွေနဲ့ တွဲဖက်ပေးထားတဲ့ အပြင်အဆင် ဖြစ်ပါတယ်။ အတွင်းခန်းမှာ ပိုဆွဲဆောင်မှု ရှိနေတဲ့ တစ်ချက်ကတော့ ပုံစံ ၁၈ မျိုး အထိကို ချိန်ညှိ နိုင်တဲ့ Upholstery Black လယ်သာနဲ့ Alcantara ထိုင်ခုံ‌တွေပါပဲ။ အဆိုပါ ခုံတွေ အကုန်လုံးမှာလည်း အပူအအေး စနစ်နဲ့ အနှိပ်စတဲ့ ဝန်ဆောင်မှုတွေ အကုန်လုံး ပါဝင်ထားတာပါ။ ကားရဲ့ စတီယာတိုင်၊ အပေါ်ဘက် တံခါးဘောင် တွေနဲ့ Headliners တွေ အကုန်လုံးကိုလည်း Alcantara သားတွေနဲ့ ဖုံးအုပ်ပေးထားပြီး Lucid အနေနဲ့ ကိုယ်ပိုင် Drive Mode တွေ ၊ Performance Settings တွေပါဝင်တဲ့ Screen Display ကိုလည်း အခုကားမှာ သုံးပေးလာ ပါတယ်။ ပုံထဲမှာ မြင်ရသလောက်ကတော့ Sapphire ၊ Dragstrip ၊ Hot Lap နဲ့ Endurance Mode တွေ ဆိုပြီး Driving Mode တွေ ပါလာတာ တွေ့ရမှာပါ။ အခု ကားကို အခွန်အခတွေ မပါသေးပဲ $ 249,000 လောက်ကနေ ဈေး စတင်လာမှာဖြစ်ပြီး ပထမဆုံးဝယ်ယူ ထားသူတွေထံကိုတော့ နောက်နှစ် တစ်ဝက်လောက်မှာ စတင်ပေးပို့ ပေးလာ နိုင်ပါတယ်။ အခုနေကိုပဲ ဝယ်ယူဖို့ စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ လာမယ့် ဩဂုတ်လ ၂၃ ရက်နေ့ကစလို့ တရားဝင် မှာယူနိုင်ပြီ ဖြစ်ပါတယ်။ ပိုထူးခြားတာကတော့ အနာဂတ်ရဲ့ Lucid ကားမော်ဒယ်တွေ အကုန်လုံးမှာ စွမ်းဆောင်ရည်ပိုင်း သီးသန့်အသားပေးမြှင်တင်ပေးထားတဲ့ အခုလို Sapphire Models အသစ်တွေ ပါဝင်လာ တော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority