Lotus လို့ ပြောလိုက်ရင်တော့ မောင်းလို့ကောင်းတဲ့ နည်းပညာမြင့် ပေါ့ပေါ့းပါးပါး Sports Car တွေကိုပဲ ထုတ်လုပ် ပေးနေတာ မြင်ရပါ လိမ့်မယ်။ ဒါပေမယ့် အခု နောက်ပိုင်းမှာတော့ ကုမ္ပဏီကနေ လျှပ်စစ်စွမ်းအင်နဲ့ အနာဂါတ် အသစ် တစ်ခုကို ပြောင်းလဲဖို့ ကြိုးစားနေပြီ ဖြစ် ပြီး မနှစ်ကတည်းက အမျိုးမျိုးသော လျှပ်စစ်ကားတွေကို အနည်းငယ်ဆီ လှစ်ဟပြလာခဲ့တာ တွေ့ရပါတယ်။ သူတို့ရဲ့ Emira ကားဟာ ဆိုရင်လည်း နောက်‌ဆုံးသော ဂတ်စ် စွမ်းအင်သုံး Sports Car ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ဒီအစားအသစ် ထွက်ပေါ်လာဦးမယ့် Sport Car ကိုတော့ လောလောဆယ်မှာ Type 132 လို့ သိရှိထားပြီး Brand ရဲ့ ပထမဦးဆုံးသော SUV အမျိုးအစားအဖြစ် မြင်ရမှာ ဖြစ်ကာ Porsche Cayenne နဲ့လည်း အရွယ်တူလောက်ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်မြင့် BMW iX M60 နဲ့လည်း ပြိုင်ဘက်တွေ ဖြစ်လာနိုင်ပြီး Lotus အနေနဲ့ကတော့ ပိုပြီး ဇိမ်ခံဈေးကြီးတဲ့ ကားဘက်ကို လမ်းကြောင်းဖောက်လာနိုင် ပါတယ်။

 

အခု သိထားရတဲ့ Type 132 ဆိုတာ ကတော့ တရားဝင်နာမည် မဟုတ်သေးပေမယ့်လည်း Lotus ကတော့ အဆိုပါ ကားနဲ့ ပတ်သက်တဲ့ အချက်အလက် ပုံရိပ်တစ်ချို့ကို ဖြည်းဖြည်းချင်း လှစ်ဟပြလာနေပါတယ်။ အထူးသဖြင့် ဖြည်းဖြည်းချင်းကိုပဲ ပုံလေး တွေကို SUV တစ်စီး အဖြစ် မြင်ကြည့်လို့ ရ‌လာအောင် ချပြနေသလို Brand ရဲ့ Teaser Campaign ကတော့ အတော် စိတ်ဝင်စားစရာပါပဲ။ အခုထိ သိရသ လောက်ကတော့ အဆိုပါကားအသစ်မှာ ကားသစ်တစ်စီးရဲ့ အလေးချိန်ကိုကောင်းကောင်း လျှော့ချပေးနိုင်မယ့် နည်းပညာနဲ့ ပစ္စည်းတစ်ချို့ ကို သုံးထားမယ် ဆိုတာကို တစ်စတစ်စ မြင်လာရပါတယ်။ အခုအသစ် ထွက်ထားတဲ့ Video ၂ ခုကိုတော့ Power နဲ့ Heart လို့ အမည် တွေ ပေးထားပါတယ်။ Power ဆိုတဲ့အပိုင်းကို ခန့်မှန်းကြည့်ရမယ်ဆိုရင်တော့ ကာဗွန်ဖိုက်ဘာအတွင်းသားတွေနဲ့ ကားဘီးတွေ ဖြစ်နိုင်ပြီး Video ၂ ခုလုံး အတွက်ကိုတော့ Sports Theme တွေနဲ့ ပြသထားသလို အားကစားသမားတွေရဲ့ ရှူးဖိနပ်နဲ့လည်း ယှဉ်ပြထားပါတယ်။ Heart ဆိုတဲ့ ခေါင်းစဉ်နဲ့ Video ထဲမှာ ဆိုရင်တော့ ကားရဲ့ Drive Unit ကို အနည်းငယ်လောက်ပဲ ချပြသွားပြီး ကံမကောင်းတာကတော့ ဒီထက်ပိုပြီး ဘာမှ ထပ်မပြောထားတော့တာပါပဲ။ ကားရဲ့ အတွင်းတွေ အပြင်တွေ အကြောင်းကို ပိုသိချင်ကြမှာ သေချာပေမယ့်လည်း Lotus တို့ကတော့ ဒီထက် ပိုမပြသထားတော့ပါဘူး။ လက်ရှိအချိန်အထိ သိရသလောက်တွေထဲမှာ ဆိုရင်တော့ အရေးကြီး အချက်တစ်ချို့ လည်း ပါဝင်နေပြီး အဆိုပါ အရေးကြီး အချက်တွေထဲမှာဆိုရင် Lotus Premium Architecture Platform ပေါ်မှာ ဖန်တီးထားမယ့် ကားဖြစ်တယ် ဆိုတာရယ် ၊ ဘက်ထရီ အရွယ်အစားတွေကတော့ 92 ကနေ 120 Kwh လောက် အထိ ဖြစ်လာမယ် ဆိုတာတွေပါ ပါဝင်နေ တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် အားသွင်းစနစ်ကလည်း မြန်နှုန်းမြင့် 800-V EV စနစ်ကို သုံးပေးထားမှာဖြစ်တာကြောင့် ၈၀ ရာခိုင်နှုန်းလောက် အထိ အားသွင်း ဖို့ မိနစ် ၂၀ နီးပါး လောက်ပဲ စောင့်ရတော့မှာပါ။ ဒါ့အပြင် တစ်နာရီ မိုင် ၆၀ အထိ အရှိန်တင်ဖို့ကိုလည်း ၃ စက္ကန့်ပဲ ကြာမြင့်မှာ ဖြစ်ပါတယ်။ ယခင် Teaser တစ်ခုမှာ တုန်းကတော့ အရှေ့ ဘက် Splitter အတွက် ကိုပါ ကာဗွန်ဖိုက်ဘာ တွေ သုံးထားတာတွေ့ရပြီး Lotus အနေနဲ့ သူတို့ရဲ့ ပထမဆုံးသော SUV ကိုလည်း အခြားသော Sports ကားတွေ နည်းတူ အတော်လေး ပေါ့ပါးနေစေချင် ပုံရပါတယ်။ တကယ်လို့ Lotus ဆီကနေ SUV မဟုတ်ပဲ Sports Car တွေ ကိုပဲ ဆက်ပြီး ကြိုက်ချင်တယ် ဆိုရင်လည်း မကြာသေးမီ ကမှပုံကြမ်း တွေ ချပြထားတဲ့ Electric Sports Car တွေ ရှိပါသေးတယ်။ အဆိုပါ Sports Car အသစ် တွေနဲ့ ပတ်သက် လို့လည်း Lotus က Britishvolt ဆိုတဲ့ ကုမ္ပဏီ နဲ့ ပူးပေါင်းပြီး ဘက်ထရီတွေ ထုတ်လုပ်ဖို့ ရှိတာကြောင့် အလေးချိန် ပေါ့ပေါးနေမှာကိုလည်း ဆက်ပြီး အာမခံ နိုင်ပါလိမ့်မယ်။ အခု Type 132 SUV အတွက် ဆိုရင်တော့ နောက်ထပ် Teaser အသစ်တွေလည်း ဆက်တိုက် ထွက်နေဦးမယ်လို့ မျှော်လင့်ရပြီး အခုနှစ်တွင်းမှာတင်ပဲ ကားသစ်ကို တရားဝင် ချပြလာနိုင်ပါတယ်။

Ref: carbuzz.com