Lordstown Motors ဆိုတဲ့ ကုမ္ပဏီကတော့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်လောက်မှာ ရှယ်ယာ အခက်အခဲတွေနဲ့ ကောင်းကောင်း ရင်ဆိုင်နေခဲ့ ရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ အထူးသဖြင့် ကုမ္ပဏီရဲ့ CEO Steve Burns နဲ့ CFO Julio Rodriguez တို့ရဲ့ ရုတ်တရတ် နုတ်ထွက်သွားမှုနဲ့ အတူ တက်သစ်စ ကုမ္ပဏီတစ်ရပ်အဖို့ အတော်လေး ခက်ခဲခဲ့ ပါတယ်။ ဒါတင်မကသေးပဲ နောက်ဆက်တွဲပြဿနာတွေ အနေနဲ့ ယာဉ်တွေ အကြိုမှာယူတာတွေ ၊ DiamondPeak နဲ့ Legacy Lordstown လို့ ပူးပေါင်းတဲ့ ကိစ္စတွေကိုပါ ဖက်ဒရယ် စုံစမ်းစစ်ဆေးမှုတွေခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခက်ခဲတဲ့ အချိန်တွေကို ကောင်းကောင်း ကျော်ဖြတ်နိုင်ခဲ့တဲ့ ကုမ္ပဏီအနေနဲ့ လမ်းကြောင်းမှန် တစ်ရပ်ပေါ်ကို ပြန်ရောက်လာခဲ့ပါတယ်။ ဒါတင်မကသေးပဲ Foxconn ရဲ့ ဥက္ကဌ ဖြစ်သူ Young Liu ကလည်း ကုမ္ပဏီရဲ့ ကားသစ်တွေကိုတော့ အခုနှစ် ဒုတိယ နှစ်ဝက်လောက်မှာတင် စတင်ပို့ဆောင်ရောင်းချ နိုင်တော့မယ်လို့ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။ Foxconn လိုမျိုး နည်းပညာ ကုမ္ပဏီကြီး တစ်ခုရဲ့ ကျောထောက် နောက်ခံ ရလာတဲ့ Lordstown ရဲ့ စက်ရုံတည်ဆောက်ရေးကတော့ ပြီးခဲ့တဲ့ နှစ်မှာတင် ဒေါ်လာသန်း ပေါင်း ၂၃၀ လောက် အထိ ကုန်ကျခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဆိုပါ ထိုင်ဝမ်ကုမ္ပဏီ အနေနဲ့ အသစ်ထွက်လာမယ့် စိတ်ဝင်စား စရာ ကားကောင်းတစ်စီး Endurance ကို စတင် ထုတ်လုပ်ဖို့ သဘောတူလိုက်တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ သူတို့ရဲ့ စက်ရုံအသစ် မှာ နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Fisker ရဲ့ လျှပ်စစ်ကားတွေကိုပါ ထုတ်လုပ်သွားဖို့ ရှိနေခဲ့ ပါတယ်။
အိုဟိုင်းယိုး အခြေစိုက်ထားတဲ့ အဆိုပါ ကုမ္ပဏီက အခုဆိုရင် မြင်ရတဲ့ အတိုင်း ကားသစ်ထုတ်လုပ်ရေး ပုံတွေကို ဖော်ပြလာခဲ့တာ ဖြစ်ပြီး အဖြူရောင် Endurance Pickup ကားသစ် တွေကတော့ အတော်ကို ကြည့်ကောင်းနေခဲ့ ပါတယ်။ ပုံမှာဖော်ပြထားတဲ့ စာသားအရကတော့ Foxconn ရဲ့ ပူးပေါင်းဆောင်ရွက်ပေးမှုကို အထူးကျေးဇူးတင် ကြောင်းဖော်ပြထားပြီး ကားသစ်တွေ ကိုထုတ်လုပ်နေပြီဖြစ်ကာ မကြာမီ ဈေးကွက်ပေါင်းစုံဆီ ရောက်ရှိ လာတော့မယ်လို့ ဆိုထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ယခင်တုန်းက Pre Production အဆင့်တွေ က တော့ မအောင်မြင်ခဲ့ပဲ မနှစ်က ဖေဖော်ဝါရီ တုန်းကဆိုရင် Prototype တစ်စီး မီးလောင်ခဲ့သေးသလို ကုမ္ပဏီရဲ့ R&D Center အနားမှာ လောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက် Pre Production အဆင့်တွေမှာလည်း ဘာမှ အမှားအယွင်း ထပ်မရှိတော့ပဲ အဆင် ပြေပြေ ဖြစ်လာဖို့က အတော်လေး အရေးကြီး နေပါပြီ။
အဆိုပါ ပြဿနာတစ်ချို့ကြောင့် အခု ကားသစ်ဈေးကွက် ထဲရောက်လာဖို့ကို နောက်ကျနေခဲ့ရတာ ဖြစ်ပြီး ကားသစ် အပေါ် အခုထက်ပိုပြီး စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းနိုင်ဖို့ ဆိုရင်တော့ ကုမ္ပဏီအနေနဲ့ ဒီထက် ပိုကြိုးစား ရဦးမှာပါ။ ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းကတော့ Ford F-150 Lightning ကားသစ်ကို ဆိုရင် လူစိတ်ဝင်စားမှု အတော်လေး မြင့်တက်ပြီးအားပေးကြမ်း ခဲ့သလို Rivian R1T ဆိုရင်လည်း ပြဿနာအချို့ကို ကျော်လွှားပြီး အကောင်းဆုံးရလဒ် တွေကို ရလာနေပါပြီ။ ဒီလို ပြိုင်ဘက်တွေရဲ့ အခြေအနေတွေကသာ Lordstown ကို အာရုံစိုက်စရာ ဖြစ်နေတာမျိုး မဟုတ်ပဲနောက်ထပ် အနှောက်အယှက် ဖြစ်နိုင်တာ တစ်ခုကတော့ ထုတ်လုပ်မှုတွေ နောက်ကျ နေနိုင်သေး တာပါ။ ဒါပေမယ့်လည်း နာမည်ကျော် Tesla Cybertruck တောင်မှ ၂၀၂၃ အထိ ထပ်စောင့်ရဦးမယ်ဆိုပြီး အကြိမ်ကြိမ် နောက်ကျ နေတာ ကြောင့် ဒီပြဿနာကတော့ သိပ်မဆန်းတော့သလိုတောင် ဖြစ်လာပါပြီ။ တစ်ခြား ပြိုင်ဘက်တွေ ကို လှမ်းကြည့်မယ် ဆိုရင်တော့ နာမည်ရ ထားပြီးသား GMC ကလည်း သူတို့ရဲ့ Hummer EV Pickup နဲ့အတူ Electric Pickup လောကကို နောက်မကျရအောင် ခြေလှမ်းတွေ လှမ်းလာနေတာ တွေ့ရပါတယ်။ ဒါကြောင့် အခု ကုမ္ပဏီ ရဲ့ အလန်းစား ကားသစ်တွေ မြန်မြန် ရောင်းကောင်းလာအောင် Foxconn ရဲ့ ဥက္ကဌ ကိုယ်တိုင်လည်း ကတိ အတိုင်းကူညီ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ရတာပဲ ဖြစ်ပါတယ်။
Ref: carbuzz.com