Lincoln Navigator ကားကတော့ အဓိကဈေးကွက်ဖြစ်တဲ့ အမေရိက ဈေးကွက်ထဲမှာ ရောင်းအား ကောင်းနေဆဲ ဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ လပိုင်းတွေတုန်းက ပြန်လည် သိမ်းဆည်းခဲ့ရတဲ့ ပြဿနာတစ်ချို့တော့ ရှိထားခဲ့ပါတယ်။ အခုတော့ အဆိုပါ ကားရဲ့ အောင်မြင်မှု ခြေလှမ်းကို နောက်ထပ် ကြီးမားတဲ့ ကားဈေးကွက် ကြီးဖြစ်တဲ့ တရုတ်ဆီ စတင် ရွှေ့လာခဲ့ပြီလို့ ဆိုလို့ရပါပြီ။ တရုတ် ဈေးကွက်ထဲ အောင်မြင်လာတဲ့ အဆိုပါ ကားကို ပိုပြီးအရှိန်တင်လိုက်တဲ့ အနေနဲ့ Special Edition Model အသစ် တစ်စီးကိုပါ ထုတ်လုပ် ပေးလိုက်တာပဲ ဖြစ်ပါတယ်။ Navigator One လို့ အမည် ပေးထားတဲ့ အဆိုပါ ကားကိုတော့ အစီးရေ ၃၀ ထဲပဲ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Navigator L Wheelbase အရှည်မျိုးကွဲကို အခြေခံ ထုတ်လုပ်ထားတာပါ။ ထူးခြားတာကတော့ အမေရိက ဈေးကွက်ထဲက Navigator ကားမှာ မပါဝင်တဲ့ လုပ်ဆောင်ချက် အတော်များ များကို အခုကားမှာ သီးသန့်ထည့်သွင်း ပေးလာတာပါပဲ။

Photo Credit: motor 1.com

ပိုပြီး ဇိမ်ခံသီးသန့် ဖြစ်သွားတဲ့ ကားတွေမှာ မြင်ရတဲ့အတိုင်းပဲ အခုကားမှာလည်း သာမန်နောက်ခန်း ၃ ယောက် တန်း ထိုင်ခုံကို ၂ ယောက်စီး သီးသန့်ဇိမ်ခံ ခုံကျယ်ကြီးတွေအဖြစ် ပြောင်းလဲထားလိုက်ပါတယ်။ အလယ်တည့်တည့်က Center Armrest ခပ်ကြီးကြီး နေရာမှာလည်း Tablet ကို ထည့်သွင်း ပေးထားပြီး ကားနောက်ခန်းမှာ လိုအပ်တာတွေ ထိန်းချုပ်ဖို့ အသုံးပြုရ လွယ်ကူစေမှာပါ။ ကားရဲ့ အမိုးလိုင်းတွေနဲ့ ချိတ် ဆက်ထားတဲ့ Starlight LED Elements တွေ ၊ Infotainment Functions တွေ ပါဝင်မယ့် TV Screen တို့အပြင် TV အောက်မှာ အပြည့် ထည့်ပေးထားမယ့် Sound Bar တို့ကိုလည်း အခုကားမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းခန်းရဲ့ နောက်ထပ် အရေးကြီး ဆွဲဆောင်မှုတစ်ခုကတော့ Jian Ware လက်ဖက်ရည် ပန်းကန်ခွက် အစုံလိုက်ပါပဲ။ တရုတ်တို့ရဲ့ ရိုးရားလက်ဖက်ရည်ကြမ်း သောက်တဲ့ အလေ့အထ အတွက် အခုခွက်လေးတွေကို အနုစိတ် ပြင်ဆင်ပေးထားပြီး အလယ်က Console ပေါ်မှာ ငှဲ့ပေးနိုင်အောင်လည်း ပြင်ဆင် ပေးထားပါသေးတယ်။ ကားရဲ့ အပြင်ဘက်မှာတော့ နှစ်ရောင်စပ် Silver-Purple အရောင်လေးကို သုံးပေးထားပြီး ၂၂ လက်မ အရွယ်ဘီးတွေကိုလည်း လိုက်ဖက်စွာ တပ်ဆင်ပေးထား ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ အင်ဂျင်ပိုင်းနဲ့ ပတ်သက်လို့ မသိရသေးပေမယ့်လည်း ဖြစ်နိုင်ချေကတော့ 3.5 Liter Turbocharged V6 ပါပဲ။ တကယ်သာ ဆိုရင်တော့ စွမ်းဆောင်ရည်က 440 hp နဲ့ 510 lb-ft Torque အထိ ရှိလာနိုင်ကာ Four-Wheel Drive စနစ် ၊ 10-Speed Automatic Gear တို့နဲ့အတူ ပါဝင်လာနိုင်ပါတယ်။ အခု Navigator One ကားသစ်ကြီးကိုတော့ တရုတ်နိုင်ငံ ချန်ဒူးကားပြပွဲကြီးအတွင်းမှာ စတင်အမှာစာတင်နိုင်ပြ ဖြစ်ပြီး အစီးရေ က ၃၀ ပဲ ရနိုင်မှာမို့ မြန်မြန် လက်သွက်ဖို့တော့ လိုမှာလည်း ဖြစ်ပါတယ်။

Ref: motor 1.com