ကားစပီကာ အထူကြီးတွေနဲ့ စပီကာပေါက် ခပ်ကြီးကြီးတွေကတော့ အခုတစ်ခေါက် LG နည်းပညာ ကုမ္ပဏီကြီးက မိတ်ဆက်လာတဲ့ ပါးပါးလွှာလွှာ Actuator Sound Solution Technology အသစ်အရဆိုရင် နေရာရတော့မှာ မဟုတ်ပါဘူး။ အဆိုပါ စနစ်က တကယ်တော့ ပတ်စ်ပို့ စာအုပ်အရွယ်လောက်လေးပဲ ရှိတဲ့ စပီကာဖြစ်ပြီး အထူးအားဖြင့် ၂.၅ မီလီမီတာ လေး ပဲ ရှိပါတယ်။ အလေးချိန်ကတော့ ၁.၄ အောင်စပဲ ရှိတာကြောင့် အတော်လေးကို ပါးလွှာပေါ့ပါးပြီး ဒီဂျစ်တယ် Display တွေ ရဲ့ အတွင်းပိုင်းမှာ Film ပုံစံလိုမျိုး အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

Photo Credit: MotorAuthority

ဒီ စပီကာလေးမှာ ထူးခြားတာကတော့ သာမန်စပီကာတွေလိုမျိုး ကိုယ်ပိုင် သတ္တုပြားလေးတွေနဲ့ တုန်ခါမှု ရှိမယ့်အစား ကား အတွင်းက အခြားသော ဆက်စပ် သတ္တုတွေကို တုန်ခါကာ အသံထွက် ပိုကောင်းစေမှာပဲ ဖြစ်ပါတယ်။ LG ကတော့ အခု စပီကာ လေးကို ကားအတွင်း Dashboard မှာပဲဖြစ်ဖြစ် ၊ Headliner ၊ အမိုးလိုင်းတွေ ၊ ထိုင်ခုံ နောက်မှီနေရာတွေနဲ့ Display Panels တွေမှာပါ နေရာအနှံ့ကြိုက်သလို သုံးနိုင်လိမ့် မယ်လို့ ဆိုထားပါတယ်။ နေရာအနှံ့မှာ အခုလို စပီကာများများသာ သုံးနိုင်မယ် ဆိုရင်တော့ ကားအတွင်း ပတ်ပတ်လည် 3D အသံစနစ် ကောင်းကောင်းကိုလည်း ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ အဓိက ကတော့ ပေါ့ပါးပြီး ပါးလွှာတာကြောင့် တပ်ဆင်ရလွယ်ကူ၊ နေရာယူ သက်သာသွားတဲ့အပြင် ကားတစ်စီး လုံးရဲ့ အလေးချိန်ကို လျှော့ချချင်တဲ့ အခါမှာလည်း အထောက်အကူပြုနိုင်ပါလိမ့်မယ်။

Photo Credit: MotorAuthority

အခု စပီကာ လေးတွေရဲ့ နောက်ထပ် ထူးခြားချက်တစ်ရပ်ကတော့ သာမန် စပီကာတွေမှာ အမြဲတွေ့နေကျ ဖြစ်တဲ့ Neodymium သတ္တုကို မသုံးထားတော့တာပဲ ဖြစ်ပါတယ်။ LG ကတော့ အခု နည်းပညာသစ်ကို လာမယ့် ဇန်နဝါရီ မှာ ကျင်းပမယ့် 2023 CES နည်းပညာ ပြပွဲကြီးမှာ စတင်ချပြ မိတ်ဆက်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုလို နည်းပညာမျိုးကို ပထမဆုံး ချပြခဲ့တာ LG တော့ မဟုတ်သေးပဲ ယခင် 2020 CES ပွဲတုန်းကလည်း ဂျာမနီ ရဲ့ Continental And Sennheiser ဆိုတဲ့ လုပ်ငန်းတစ်ခုကနေ အလားတူ နည်းပညာကို ပြသခဲ့ပါသေးတယ်။ ဒါပေမယ့် ထုတ်လုပ်တဲ့ အဆင့်ကို မရောက်လာ ခဲ့တာကြောင့် အခုတစ်ခေါက် LG ရဲ့ နည်းပညာသစ်ကရော ပထမဆုံးစီးပွားဖြစ် ဆက်လုပ်နိုင်မယ့် ထုတ်ကုန် ဖြစ်မလား ဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

Ref: MotorAuthority