Toyota ရဲ့ အဆင့်မြင့် ဇိမ်ခံ ကားသစ်ကြီး Lexus LX ကို မှာယူမယ် ဆိုရင်တော့ ဂျပန် ဈေးကွက်ထဲမှာတင် ၄ နှစ် လောက်အထိ စောင့်ဆိုင်း ရပါတော့မယ်။ Automotive News ကလာတဲ့ သတင်းတွေ အရတော့ အတော်လေးကို ဝယ်လိုအား မြင့်တက်နေတဲ့ အဆိုပါ ကားကို မှာယူလိုသူတွေဟာ မှာနိုင်ဖို့တင်ပဲ ၄၈ နာရီ ကြာအောင် စောင့်ဆိုင်း နေရတယ်လို့ သိရပါတယ်။ ဒီ အခြေအနေတွေကို လောလောဆယ် ထိန်းထားနိုင်ဖို့ အတွက်တော့ Lexus ဟာ ဂျပန် ဈေးကွက်ထဲ အဆိုပါ LX ကားသစ် မှာယူနိုင်မှုတွေကို ခေတ္တ ဆိုင်းငံ့ထား လိုက်ရပါပြီ။ အမေရိက ကားဈေးကွက် ထဲမှာ တော့ အပိုပစ္စည်း ရှားပါးမှု ပြဿနာ ဆက်ရှိ နေသေးပေမယ့် အခု ကားသစ်ကို ဆက်ပြီးမှာယူလို့ ရသေးတယ်လို့ သိရပါတယ်။ အဆိုပါ Full Size SUV ထက် အနည်း ငယ် ပိုသေးတဲ့ NX ကား ကလည်း ဂျပန် ဈေးကွက်ထဲ အတော် လေး လူကြိုက်များ ကြပြန်တာကြောင့် လာမယ့် ၁၂ လ လောက် အထိကို အမှာစာတွေ ပြည့်နေပြန်ပါသေးတယ်။ ဒါကြောင့် ဒီကား အတွက်ကို လည်း အမှာစာတွေ လက်ခံတာ ခဏဆိုင်းငံ့ထားလိုက် ရပြန်ပြီဖြစ်ကာ Lexus ရဲ့ မူလ ကုမ္ပဏီ Toyota တုန်းကလည်း သူတို့ရဲ့ နာမည်ကျော် Land Cruiser 300 ကား မှာယူမှုတွေကို အခုလိုပဲ ဆိုင်းငံ့လိုက် ရပြန် တာပါ။ ဒါပေမယ့် အခုလို ဝယ်လိုအား အရမ်းကောင်းပြီး ဒီကားတွေ လူကြိုက်များနေထက် ပိုပြီးပြောစရာ တွေလည်း ရှိနေပြန်ပါသေးတယ်။

Photo Credit: motor 1.com

အဓိက ကတော့ Toyota ဘက်က မကြာခဏ ပြောကြားနေတဲ့ လုံလောက်တဲ့ အပို ပစ္စည်းတွေ မရလို့ ကား သစ် ထုတ်လုပ်မှု တွေကိုပါ ဂျပန် နိုင်ငံတွင်းက တစ်ချို့စက်ရုံ တွေမှာ ဆိုင်းငံ့ထားရတာ တွေကြောင့်လည်း ဖြစ်ပါတယ်။ Chip ပြား ပြတ်လပ်မှု ပြဿနာတွေ အပြင် ကိုဗစ်ကပ်ရောဂါရဲ့ နောက်ဆက်တွဲ အပိုပစ္စည်း ထောက်ပံ့ဖို့ ခက်ခဲ လာတာ တွေကလည်း ကုမ္ပဏီ ရဲ့ နေ့စဉ်ကား ထုတ်လုပ်နိုင်စွမ်းကို အထိ နာ‌လာစေတာ ပါ။ Toyota နဲ့ Lexus တို့က အခု ဇူလိုင်လ အတွက် ဆိုရင် ကားအစီးရေ ထုတ်လုပ်နိုင်ဖို့ ဂျပန် ဈေးကွက်ထဲ ကို ၈၀၀,၀၀၀ နဲ့ အခြားသော ဈေးကွက် တွေ အတွက် ၅၅၀,၀၀၀ လောက် အထိ လိုအပ်လာမယ်လို့ အခု နှစ် အစောပိုင်းကတည်းက Suppliers တွေကို အသိပေးထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဖြေရှင်း မရသေးတဲ့ အဆိုပါ ကုန်ကြမ်း ထောက်ပံ့မှု ပြဿနာ တွေ ကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှုကို ကုမ္ပဏီ အနေနဲ့ မှန်းထားတာထက် လျော့နည်းပြီး အစီးရေ ၅၀,၀၀၀‌ လောက် လျှော့ချ လိုက်ရပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် Toyota ကတော့ အခုလာမယ့် ဇူလိုင် ကနေ စက်တင်ဘာလ တွေ အတွင်းမှာတော့ တစ်လကို ကား အစီးရေ ၈၅၀,၀၀၀ လောက် အထိ ပုံမှန် ပြန်လည်ထုတ်လုပ်ကာ အရှိန်ပြန်မြှင့်နိုင်ဖို့ ကြိုးစား နေပါပြီ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဆက်ဖြစ် နေသေးတဲ့ Chip ပြား ပြတ်လပ်မှု ပြဿနာတွေ၊ ကိုဗစ်ရဲ့ ကားလောက အပေါ် ရိုက်ခတ်ဆဲ အခြေအနေ တွေကြောင့်တော့ ဆက်လက်ပြီး သတိကြီးကြီးနဲ့ လုပ်ကိုင်ရဦးမယ် ဖြစ်တယ်လို့ ကုမ္ပဏီဘက်က ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက် ကတည်းက စတင်ခဲ့တဲ့ ဘဏ္ဍာရေး နှစ်အရ ဆိုရင် Toyota ဟာ သာမန်ထက် ကားအစီးရေ ၄၀၀,၀၀၀ လောက်ကို လက်လွှတ် ထားရပေမယ့် ဘဏ္ဍာရေး တစ် နှစ်လုံးစာ ခန့်မှန်းထားတဲ့ ကားအစီးရေ ၉.၇ သန်းလောက် ထုတ်လုပ်နိုင်ရမယ် ဆိုတာကိုတော့ ပြည့်မှီနေဆဲ ပါ။ ဒါကြောင့် Toyota အနေနဲ့ မူလ အခြေအနေ အတိုင်း အမြန်ဆုံး ပြန်လည် လည်ပတ်နိုင်အောင် ကြိုးစား နေတာ ‌ဖြစ်ပြီး တကယ်လည်း အခြေအနေ ကောင်းမယ် ဆိုရင်တော့ Toyota နဲ့ Lexus ရဲ့ ကားတွေကို လည်း နှစ်စဉ် ပုံမှန်အတိုင်း လုံလုံလောက်လောက် ပြန်လည် ထုတ်လုပ် ပေးနိုင်တော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com