လက်ရှိ ကမ္ဘာတစ်ဝန်းက ကားထုတ်လုပ်ရေး လုပ်ငန်း အများစုကတော့ အကြောင်းအမျိုးမျိုးကြောင့်ပဲ ထုတ်လုပ်ရေးတွေ အပြည့်အဝ မလည်ပတ်နိုင် ဖြစ်နေရပါတယ်။ အကြောင်းအရင်း အများစုကတော့ Semiconductor Chip ပြား ပြတ်လပ်တာကြောင့်ဖြစ်ပြီး အခြားသော အရေးပါတဲ့ အကြောင်းခြင်းရာတွေ ထဲမှာဆိုရင် ဆက်စပ် ကုန်ကြမ်းတွေပါ ဆက်တိုက် ပြတ်တောက် လိုအပ်နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လည်း ကားအသစ် စက်စက်ကိုမှ မှာယူထား ကြသူတွေအဖို့ အတော်လေး စိတ်ရှည်ရှည် စောင့်ဆိုင်းနေကြ ရတာပါ။ ဒါပေမယ့် အခု အိန္ဒိယက ကားထုတ်လုပ်ရေး စက်ရုံတစ်ရုံရဲ့ အဖြစ်ကတော့ နည်းနည်း ဆန်းကြယ် ပါတယ်။ Mercedes-Benz S-Class ကားတွေ ကို အဓိက ထုတ်လုပ်နေတဲ့ Maharashtra ၊ Pune အနီး နားက Chakan ဆိုတဲ့ မာစီးဒီး ကားစက်ရုံမှာ ၃ နှစ်သား အရွယ်လောက်ရှိတဲ့ ကျားသစ်တစ်ကောင် ဝင်လာ လို့ စက်ရုံခဏပိတ်လိုက်ရတာပါ။ ကျားသစ်က မျက်စိလည်လှမ်းမှားကာ ဝင်လာမိတဲ့အပြင်ပြန်မထွက်တတ် ဖြစ်နေတာကြောင့် စက်ရုံကို ၄ နာရီ လောက်အထိ ပိတ်လိုက်ရပြီး စက်ရုံပိတ်ရတဲ့ အကြောင်းအရင်းတွေထဲ အဆန်းကြယ်ဆုံးဖြစ်နိုင် လောက်ပါတယ်။

Photo Credit: CARBUZZ

အဆိုပါ ကျားသစ်လေး စက်ရုံထဲ ဝင်လာခဲ့တာကို မနက် အစောပိုင်းလောက်မှာတင် တွေ့ရှိခဲ့ကြတာ ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေး ပိုင်းတွေကို အမြန် ခေါ်ဆိုလိုက်ရပါတယ်။ ကျွမ်းကျင် ပညာရှင် လေးယောက်ခန့် ပါဝင်တဲ့ အဖွဲ့ကတော့ အဆိုပါ ကျားသစ်လေးကို မေ့ဆေးပေးဖို့ အတွက် စက်ရုံဧရိယာ တစ်ဝိုက်ကို လုံးဝ ပိတ်ချ ထားလိုက် ရပါတယ်။ မေ့ဆေးမိပြီး လုံးဝ စိတ်ချရပြီဆိုမှ ကျားသစ်လေးကို သေချာလှောင်အိမ်ထဲ ထည့်ကာ Chakan သစ်တော ဌာနကို ပို့ဆောင် လိုက်ရပါတော့တယ်။ လက်ရှိ မှာတော့ အဆိုပါ ကျားသစ် ကို ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ပေးနေပြီး ကျန်းမာရေး ကောင်းပြီ ဆိုတာနဲ့ တောထဲကို သေချာ ပြန် လွှတ်ပေးမှာပါ။ လူတိုင်း သိချင်နေကြတာ ကတော့ ဒီကျားသစ်လေးက ဘယ်လိုလုပ်ပြီး အခု မာစီးဒီး ကား ထုတ်လုပ်ရေး စက်ရုံထဲကို ဝင်ရောက်လာတာလဲ ဆိုတာပါပဲ။ တောရိုင်း တိရစ္ဆာန် ကာကွယ်စောင့်ရှောက် ရေး အရေးပေါ် အဖွဲ့ရဲ့ ပူးတွဲတည်ထောင်သူ ၊ CEO Kartick Satyanarayan ကတော့ သူတို့ရဲ့ သဘာဝ အလျောက် နေထိုင်လို့ရတဲ့ နေရာတွေ နည်းပါးလာတာကြောင့် အခုလို လူသားတွေ ရှိတဲ့ နေရာတွေ အထိ မျက်စိလည် လမ်းမှားလာခဲ့ ကြရတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

ဒါက ကျားသစ်လေးအတွက် ကံမကောင်းတဲ့စ္စ တစ်ရပ် ဖြစ်ခဲ့ပေမယ့်လည်း သူကိုယ်တိုင်လည်း စက်ရုံထဲ တကူးတက လာပြီး မာစီးဒီး ကားအသစ်‌တွေ မထွက်သေးဘူးလားလို့ လာစောင့်နေတာ မဟုတ်တာတော့ သေချာပါတယ်။ အခုလိုမျိုး တောရိုင်း တိရစ္ဆာန်တွေနဲ့ မော်တော် ကားလောက အကြား ထိစပ်မှုတွေက တော့ ပြီးခဲ့တဲ့ ၂၀၂၀ နှစ်ကုန် ပိုင်းလောက် တုန်းကလည်း ဖြစ်ခဲ့ ပါသေးတယ်။ အဲ့ဒါ ကတော့ ကျက်စားနေ ကြတဲ့ တောရိုင်းထဲက မြွေတွေရဲ့ နေရာ ကို ရှောင်ရှားနိုင်ဖို့ အတွက် ဂျာမနီမှာတည်ဆောက်မယ့် ကားထုတ် လုပ်ရေး စက်ရုံ အသစ်တစ်ခုကို Tesla တို့ ရပ်နားထားလိုက်ရတာပါ။ အခုလို အဆိပ်ရှိတဲ့ မြွေတွေ စက်ရုံ တည်ဆောက်တဲ့ နားမှာ ထွက်လာတာကတော့ စက်ရုံ အတွက် မြေရှင်းကတည်းကိုက ‌မြွေတွေကို ထွက် လာစေဖို့ ဖြစ် ခဲ့တယ်လို့ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ပညာရှင် တွေက ထောက်ပြထားကြပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အဆိုပါပြဿနာ ပြေလည်သွားပုံရပြီး အခု ဆိုရင် အဆိုပါ ဂျာမနီ စက်ရုံနေရာ မှာပဲ Tesla တို့ ကားတွေ အမြောက်အများ စတင် ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။

Ref: carbuzz.com