Lancia ကတော့ သူတို့ရဲ့ ကားလောကထဲ ပြန်လည် ဝင်ရောက်မှုကို 2024 လောက်မှာ ထွက်ရှိလာမယ့် Ypsilon Crossover လေးနဲ့ အစပြုလာ ဖို့ ရှိပါတယ်။ ခပ်မြင့်မြင့် နည်းပညာပိုင်းတွေ ၊ ဒီဇိုင်း ပုံစံသစ်တွေနဲ့ Premium ဆန်စွာ တစ်ကျော့ပြန် ရောက်ရှိလာမယ့် ကားအဖြစ်လည်း မြင်တွေ့ထားရတာပါ။ အဆိုပါ ကားအပြင် အနာဂတ် Brand သစ် အတွက် ဖြစ်လာမယ့် ကားသစ်တွေ အကြောင်း မကြာခဏ ချပြလေ့ရှိတဲ့ Lancia ဟာ အခုဆိုရင် Ypsilon Concept အသစ်ကိုပါ ထုတ်ပြလာခဲ့ပါပြီ။

Photo Credit: motor 1.com

အစောပိုင်း သိထားရသလောက် ကတော့ အခုကားလေးဟာ ယခင်လိုမျိုး Supermini အဆင့် မဟုတ်တော့ပဲ Crossover အသေးအဆင့်ကို ရောက်လာတော့မှာ ဖြစ်ပါတယ်။ Peugeot 2008 နဲ့ Jeep Avenger တို့မှာ သုံးထားခဲ့ ဖူးတဲ့ CMP / e-CMP Platform ကို သုံးလာနိုင်မယ့် အခုကားသစ်ကတော့ အရှည်အားဖြင့် ၄.၁ မီတာကနေ ၄.၂ မီတာ လောက်အတွင်း ရှိလာ နိုင်ပါတယ်။ Lancia ရဲ့ Logo အသစ်ကိုလည်း အခု ကားသစ်မှာ စမြင်လာရနိုင်ကာ Y ပုံစံ Light အသစ်ကိုလည်း အရှေ့ဘက်မှာ ထည့်ပေးထား နိုင်ပါသေးတယ်။ ဒါ့အပြင်ယခင် Lancia Design Day မှာတုန်းက ချပြခဲ့‌တဲ့ Pu+Ra Zero Concept မှာတုန်းကလည်း အခုကားမှာ ပါလာနိုင်တဲ့ Design Elements အသစ် ၂ မျိုး လောက်ကို မြင်ခဲ့ရသေးတာ ဖြစ်ပါတယ်။ အစောပိုင်း သတင်းတွေအရတော့ အခုကားရဲ့ အတွင်းခန်းဟာ ယခင် Lancia တွေ ပုံစံအတိုင်း ဖန်တီးပေးလာ နိုင်ပြီး အနည်းဆုံး ၅၀ % လောက်ကတော့ ပတ်ဝန်းကျင်နဲ့ ကိုက်ညီမှုရှိတဲ့ သဘာဝ ပစ္စည်းတွေကိုပဲ သုံးထားမယ်လို့ သိရပါတယ်။ Motor1.com ရဲ့ ဖော်ပြချက်တွေအရ ဆိုရင်တော့ အခုကားသစ်ရဲ့ အတွင်းခန်းပိုင်း မှာ ဟိုးယခင် Beta Trevi ရဲ့ ခပ်ဝိုင်းဝိုင်းပုံစံ ဒီဇိုင်းလေးတွေ ပါဝင်လာနိုင်ပြီး Infotainment System နဲ့ Driving Mode အသစ်တွေအတွက် ခလုတ်တွေကိုလည်း ထည့်ပေးထားပါသေးတယ်။

Photo Credit: motor 1.com

နည်းပညာ ပိုင်းတင်မကပဲ ကားရဲ့ စက်ပိုင်းဆိုင်ရာတွေကိုပါ အပြောင်းအလဲ လုပ်ပေးလာနိုင်ပြီး သာမန်အင်ဂျင် အပြင် လျှပ်စစ် မျိုးကွဲတွေလည်း ရလာ နိုင်ပါတယ်။ ဒါပေမယ့် ဘယ်လိုမျိုး လျှပ်စစ်ကားမျိုးကွဲတွေနဲ့ အင်ဂျင်ပိုင်းတွေ ပါလာ မှာလဲ ဆိုတာကတော့ ပြောဖို့ ရာ စောနေပါသေးတယ်။ သေချာတာကတော့ အခု Lancia ကိုလည်း အခြားသော Alfa Romeo နဲ့ DS တို့လို အဆင့်မျိုးနဲ့ တူလာနိုင်အောင် မိခင် ကုမ္ပဏီကြီး Stellantis က ဖန်တီးပေးမှာဖြစ်ပြီး အဓိက ကတော့ စွမ်းဆောင်ရည်မြင့် လုပ်ဆောင်ချက်တွေ Peugeot ၊ Jeep တို့ထက်တောင် မြင့်မားလာနိုင်တဲ့ ဈေးတွေနဲ့ ပွဲထုတ်လာ နိုင်ပါတယ်။ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာကတော့ လာမယ့် ၂၀၂၄ ကစလို့ ၂ နှစ်ကို တစ်စီး ထုတ်လုပ်လာမယ့် Lancia ရဲ့ ကားသစ် ထုတ်လုပ်ရေး အစီအစဉ် တစ်ရပ်ပါပဲ။ လာမယ့် ၂၀၂၈ ကစလို့လည်း လျှပ်စစ် ကားတွေကိုချည်းပဲ Lancia တို့က ထုတ်လုပ်တော့မှာ ဖြစ်လို့ အခု Ypsilon က သာမန်အင်ဂျင်နဲ့ ရလာနိုင်သေးတဲ့ နောက်ဆုံးသော Lancia ကားလည်းဖြစ်လာနိုင်ပါတယ်။

Ref: motor 1.com