ဥရောပ ကတော့ ပြီးခဲ့တဲ့နှစ်ကပဲ ကာဗွန်ထုတ်လုပ်မှုပမာဏကို လာမယ့် ၂၀၃၀ အရောက်မှာ ၅၅ ရာခိုင်နှုန်း အထိ ကို လျှော့ချဖို့ဆိုတဲ့ အဆိုပြုချက်တွေ ထားရှိလာခဲ့ပြီး နောက်ပိုင်း ၂၀၃၅ ရောက်ရင်လည်း သာမန် အင်ဂျင်တွေကို လုံးဝအသုံးမပြုတော့ဖို့အတွက် ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ အဆိုပါ စည်းမျဉ်းတွေကတော့ အတည်မဖြစ်သေးပဲ အဆိုပြုထားဆဲ အဆင့်မှာပဲ ရှိသေးတယ် ဆိုပေမယ့် တကယ်တမ်းမှာတော့ သာမန် ဓာတ်ဆီ ဒီဇယ် အင်ဂျင်တွေရဲ့ အနာဂါတ် က သိပ်မလှတော့ပါဘူး။ ဒါပေမယ့်လည်း တစ်ချို့သော ကား ကုမ္ပဏီတွေကတော့ အဆိုပါ ICE လို့ အတို ခေါ်ဆိုကြတဲ့ Internal Combustion Engine တွေကို ဆက်ရှိ ကြစေလိုနေပြီး အဲ့ဒီ အထဲမှာတော့ နာမည်ကျော် Lamborghini လည်း အပါအဝင် ဖြစ်နေပါတယ်။ အဆိုပါ စူပါကားကုမ္ပဏီရဲ့ CEO ဖြစ်သူ Stephan Winkelmann ကတော့ မကြားသေးမီကမှ ဂျာမနီ သတင်းစာ Welt Am Sonntag ကို ပြောကြားခဲ့ရာမှာတော့ သူတို့ ကုမ္ပဏီအနေနဲ့ ကတော့ အခု ဆယ်စုနှစ်အလွန်မှာ လည်း တစ်ချို့သော သာမန် အင်ဂျင်တွေကို ဆက်ထိန်းထားလိုနေပြီး လက်ရှိ အနေအထားအရ မဖြစ်နိုင်ဘူး လို့ ထင်ရပေမယ့်လည်း တကယ်လက်တွေ့မှာတော့ CEO ဆီမှာ အကြံဉာဏ် တွေရှိ‌နေပုံ ရပါတယ်။

Photo Credit: motor 1.com

သူ့ အနေနဲ့ကတော့ Hybrid နည်းပညာနဲ့အတူ အဆိုပါသာမန်အင်ဂျင်တွေကိုလည်း အခု ဆယ်စုနှစ် အလွန် မှာ ဆက်ထိန်းထားနိုင်မယ်လို့ ကောင်းကောင်း ယုံကြည်နေခဲ့တာဖြစ်ပြီး နောက်တစ်ချက် ဖြစ်နိုင်တာက တော့ အဆိုပါ အင်ဂျင်တွေထဲမှာ သဘာဝနဲ့ ကိုက်ညီမယ့် Synthetic Fuel တွေ ထည့်သုံးတာမျိုး ဖြစ်တယ် လို့ သိရပါတယ်။ အထူးသဖြင့် အဆိုပါ CEO ကတော့ အခု အင်ဂျင်တွေကို တတ်နိုင်သမျှ ကြာရှည် သုံးချင် နေသေးတာ ဖြစ်ပါတယ်။ အခု နှစ် အစောပိုင်းတုန်းကပဲ Lamborghini ကနေ သူတို့ရဲ့ ပထမဆုံး လျှပ်စစ် စွမ်းအင်သုံး ကားကို လာမယ့် ၂၀၂၈ မှာ စတင် ထုတ်လုပ်မယ်လို့ ကြေညာခဲ့တာ ဖြစ်ပြီး လက်ရှိ မြင်နေရတဲ့ Brand ရဲ့ ကားအသစ် တွေနဲ့လည်း သိသိသာသာ ကွဲပြားလာလိမ့်မယ်လို့ သိရပါတယ်။ အထူးသဖြင့် ကား အနေနဲ့ကတော့ ၂+၂ (၄) ယောက်စီး ကားအမြင့် ဖြစ်လာ နိုင်ပြီး အခုနှစ် နှောင်းပိုင်းမှာတော့ အဆိုပါ လျှပ် စစ်ကားအ‌တွက် အစောပိုင်း လေ့လာဆန်းစစ်မှုတွေ ရှိလာတော့မှာ ပါ။ တကယ်လို့ နောက်ဆုံး ကားဒီဇိုင်း တွေကို သေချာပုံဖော်ပြီးပြီ ဆိုတာနဲ့ Concept Design ကို စတင်မြင်ရတော့မှာ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဆက်လက် ထုတ်လုပ်လာတော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အဆိုပါလျှပ်စစ် Lamborghini ကားကို မမြင်ရသေးခင် သူတို့ရဲ့ နောက်ဆုံးသော Combustion Engine သုံး ကားတွေကို ဆက်မြင်ရဦးမှာဖြစ်ပြီး တကယ်လို့ လျှပ်စစ်မော်တာနဲ့ Lamborghini ကိုမှ စီးချင် တယ်ဆိုရင်တော့ အခုနှစ်ကုန်ပိုင်း လောက်အထိ ခဏစောင့်ရဦးမှာပါ။ အကြောင်းကတော့ အခု နှစ်ကုန် ပိုင်းလောက်မှာလည်း ကုမ္ပဏီ ကနေ လျှပ်စစ်စွမ်းအင်နဲ့ ပေါင်းစပ် လာမယ့် Hybrid အမျိုးအစားတွေကို ချပြပေးလာနိုင်လို့ပဲ ဖြစ်ပါတယ်။

Ref: motor 1.com