ကလေး တစ်ယောက်အဖို့ သူ့အကြိုက်ဆုံး အရုပ်လေးတစ်ခုခု ပျောက်သွားတယ် ၊ ပျက်သွားတယ် ဆိုရင် တော့ အဖေဖြစ်သူက အသစ်တစ်ခု ကြိုးစားပြန်ဝယ် ပေးတတ်တာ သဘာဝပါပဲ။ ဒါပေမယ့် ND-Woodworking Art YouTube Channel ထဲက အဖေ တစ်ယောက်ကတော့ ဒီလိုမဟုတ်ပါဘူး။ သူ့ရဲ့သား ဖြစ်သူအတွက် ၉၆ ရက် အတွင်းမှာတင် တကယ်ကိုကြီးမားပြီး တကယ့်ကားတစ်စီးစာ အရွယ်ရှိတဲ့ ကားကို ပြန်ပြီး ဖန်တီးပေးလိုက်တာပါ။ သူ့ရဲ့ သားလေးကတော့ Lamborghini Vision Gran Turismo ကားရဲ့ ပုံစံတူ ကားရုပ်လေးပျောက်သွားတာဖြစ်ပြီး အခုလို တကယ်မောင်းလို့ရတဲ့ ကားတစ်စီးကို အဖေဖြစ်သူက ပြန်လည် ဖန်တီးပေးလိုက်တာကတော့ အံ့အား သင့်စရာပါပဲ။ အဆိုပါ ကားကို ဝိုင်းပြီး ဖန်တီးပေးကြရာမှာ တော့ အဓိက ကားကိုယ်ထည်ကို စတီးနဲ့ ဝိုင်းဝန်း တည်ဆောက်ခဲ့ကြပြီး လျှပ်စစ်စွမ်းအင်သုံးကာ လည်ပတ် လို့ ရတဲ့ အနောက်ဘက် ဝင်ရိုးနဲ့ Suspension တို့ကို တောင် သေချာ ထည့်ခဲ့ပါသေးတယ်။ ခလုတ်တစ်ချက် နှိပ်ရုံနဲ့တင် ကားရဲ့ အရှေ့နဲ့ အနောက်ဘက်တွေကို ဖွင့်နိုင်ပိတ်နိုင်တဲ့အထိကို အတော်လေး လုပ်ဆောင်ချက် စုံစုံလင်လင် ဖန်တီးပေးထားတာပါ။

ကားရဲ့ အခြေခံကိုယ်ထည်ကို စတီးနဲ့တည်ဆောက်ထားတဲ့အပြင် နောက်ပိုင်းမှာစိတ်ဝင်စားစရာကောင်း တာ ကတော့ သစ်သားနဲ့ ဖန်တီးထားတဲ့ ကားရဲ့ ကြမ်းခင်းတွေပါပဲ။ ခပ်မှောင်မှောင်သစ် အရောင်ကိုမှ အနီနဲ့ အညို လိုင်း လေးတွေကို ကားကိုယ်ထည် တစ်လျှောက် ထပ်မံဖန်တီး ပေးထားတာကြောင့် ကားအပြင်ပိုင်း ကလည်း လှလှပပပဲ ကြည့်ကောင်း နေတော့တာ ဖြစ်ပါတယ်။ ဒါတင်မကသေးပဲ အခုသစ်သားနဲ့ စတီးပေါင်း ထားတဲ့ ကားလေးကိုပိုအဆင့်မြင့် ကြည့်ကောင်းသွားစေတာကတော့ အသေးစိတ်ဖန်တီးမှု လေးတွေ ကြောင့်ပါပဲ။ ကားရဲ့ စတီယာတိုင် ကိုဆိုရင်လည်း ရိုးရိုးမဟုတ်ပဲ ပုံကြမ်းထုတ်ကာ သေချာဖန်တီးထားတာ ဖြစ်သလို Spoke Wheel တွေအတိုင်း သေချာ ကို ဖြတ်တောက် ဖန်တီးထားတာပါ။ အဆိုပါ စတီယာတိုင် ကို ကြည့်နေရတာနဲ့ တကယ့်အစစ် အလား အတော်ကို ထူးထူးခြားခြား ကြည့်ကောင်း နေခဲ့ပါတယ်။ အဆိုပါ ကားတစ်စီးလုံးကို တကယ့် Lamborghini ကားအစစ်နဲ့ အတော် လေး တူညီနိုင်စေဖို့ အတွက် ရည်ရွယ်ကာ ဖန်တီးသူတွေက သစ်သား ပင်စည်ခပ်ကြီးကြီး တစ်လုံးရယ်နဲ့ အခြား သော သတ္တု အပိုင်းအစ တွေ ပေါင်းစပ် လုပ်ဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

ကားကို တကယ့် အစစ်အတိုင်း သိသာ‌သွားစေတဲ့ နောက်ဆုံး အပိုင်းကတော့ Light Strips လေးတွေ ထပ် ထည့် ပေးလိုက်တာဖြစ်ပြီး အဆိုပါ မီးရောင်တွေကလည်း အပြာ ၊ ခရမ်း ၊ Amber နဲ့ အနီရောင် လေးတွေ လှလှပပ စပ်ထားတာကြောင့် အချိုးကျလွန်း နေပါတယ်။ အရှေ့ဘက်က Fenders တွေအပေါ်မှာလည်း ဘေးအချက် ပြမီးလေးတွေကို သေသေချာချာ ထည့်ပေးထား ပါသေးတယ်။ အခု Youtube Channel က တင်ထားတဲ့ Video နောက် ဆုံး အပိုင်းလေးမှာတော့ အဆိုပါ ထူးထူးခြားခြား ကိုယ်ပိုင် ဖန်တီးထားတဲ့ ကားလေးကို သားအဖ နှစ်ယောက် အတူတူ မောင်းနှင်နေခဲ့တာဖြစ်ပြီး အရမ်းမမြန်ပေမယ့်လည်း မီးရောင်စုံ နဲ့ ထူးထူးခြားခြား ကြည့်ကောင်းနေတဲ့ လမ်းမထက် က Lamborghini တစ်စီးပါပဲ။ တကယ့် Lamborghini Vision Gran Turismo ကားသစ်ကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာ လမှာ Eponymous လို့ အမည်ရတဲ့ Video Game တစ်ခုအတွက် Concept အနေနဲ့ စတင်ထွက်ပေါ်လာခဲ့တာပါ။ အထူးသဖြင့် အခြား ကားတွေနဲ့ မတူပဲ ခပ်ချွန်ချွန် အပိုင်းတွေနဲ့ အတူ ခေတ်လွန် သိပ္ပံဆန်ဆန် ကားတစ်စီးမျိုးကို ဖန်တီး ပေးထားတာ ဖြစ်ပါတယ်။ ကားရဲ့ အတွင်းခန်းက လေးထောင့် ခပ်ကျကျ Cockpit ကလည်း Lockheed F-117 Nighthawk လေယာဉ် အခန်းနဲ့တောင် တူအောင် ပြုလုပ်ပေးထားတာကြောင့် တကယ့်ကို အပျံစား Lamborghini ကား တစ်စီးလို့ပဲ ဆိုရတော့မှာ ဖြစ်ပါတယ်။

Ref: motor 1.com