Lamborghini Urus ကားကို ဝယ်ယူချင် သူတွေ အဖို့ ကတော့ မကြာခင်မှာပဲ သာမန် ရိုးရိုး SUV နဲ့ စွမ်းဆောင်ရည် ပိုကြမ်းတဲ့ ကားမျိုးကွဲတွေ ဆိုပြီး ၂ မျိုးထဲက စိတ်ကြိုက် ရွေးချယ်လာနိုင် တော့မှာပါ။ Urus အနေနဲ့ ကတော့ အခု ကားအသစ်မှာ အလေးချိန်ပိုပေါ့ပါးပြီး၊ စွမ်းဆောင်ရည်ပိုမြင့်ကာ ပိုလည်း Aggressive ဖြစ်တဲ့ အသွင်ကို ပေါက်အောင် စီစဉ်ထားပါတယ်။ အထူးသဖြင့် ကားရဲ့ အမြင့်ကိုလည်း သာမန်ထက် ပိုနိမ့်ပေးထားပြီး ၂၀ မီလီမီတာ လောက် ပိုနိမ့်ကာ ၁၆ မီလီမီတာ လောက်လည်း ပိုကျယ်လာပါတယ်။ ကားရဲ့ အမြင့်ဆုံး စွမ်းဆောင်ရည်ကို ရဖို့ အတွက် Twin-Turbo 4.0 Liter V8 Engine ကို တပ်ဆင်ထားတာ ဖြစ်ကာ 657 hp အထိစွမ်းဆောင်ရည်ရှိလာပြီး သာမန် Standard Urus ထက် 16 hp လောက်ကို ပိုများလာတာ တွေ့ ရပါတယါ။ ဒါကြောင့် တစ်နာရီမိုင် ၆၀ နှုန်း အထိ အရှိန်တင်ဖို့ ဆိုရင် ၃.၃ စက္ကန့်ပဲ အချိန်ယူရ တော့မှာ ဖြစ်ကာ နဂိုမူလကားထက် ၀.၂ စက္ကန့်လောက် ပိုမြန်လာ ခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းကတော့ တစ်နာရီမိုင် ၁၉၀ နှုန်းရှိတာကြောင့် ယခင်ကားနဲ့ အတူတူပါပဲ။

Photo Credit: MotorAuthority

စွမ်းဆောင်ရည် ပိုကောင်းလာစေဖို့အတွက် ကားကိုလည်း ယခင်ကထက် ၁၀၃ ပေါင် လောက်ကို လျှော့ချကာ ပိုမို ပေါ့ပါးအောင် ဖန်တီးထားလိုက်တာ ဖြစ်ပါတယ်။ အခုလို အနေအထား ရဖို့အတွက်လည်း ကာဗွန်ဖိုက်ဘာ စက်ဖုံး၊ ပိုပေါ့တဲ့ Suspension Spring တွေ ၊ အသံ ဆူညံမှုကို လျှော့ပေးမယ့် Deadening တွေအပြင် အခြားသော ပေါ့ပေါ့ ပါးပါး အစားထိုး ပြင်ဆင်မှုတွေ အများအပြား လုပ်ပေးထားပါတယ်။ ကားရဲ့ လက်ရှိ အလေးချိန်ကတော့ ၅,၂၀၀ ပေါင် အဖြစ် ကျန်ရှိနေသေးတာ ဖြစ်ပြီးမူလကားထက်တော့ ပိုမို ပေါ့ပါးလာတယ်ပဲ ဆိုရမှာပါ။ အခြားသော အရေးကြီးတဲ့ အဆင့်မြှင့်တင်မှု တစ်ရပ်ကတော့ ၂၂ လက်မ (၂၃ လက်မ ကိုလည်း ရွေးချယ်နိုင်) အထိ ဖြစ်လာတဲ့ ပေါ့ပေါ့ပါးပါး အလွိုင်းဘီးတွေဖြစ်ကာ တိုက်တေနီယမ် Bolts တွေပါ တပ်ဆင်ပေးထား ပါသေးတယ်။ အဆိုပါ ဘီးသစ်တွေကြောင့် ကားရဲ့ Downforce အပိုင်း ကို ၈ % လောက်အထိ တိုးတက်လာစေပြီး Differential အသစ် တွေလည်း ပါဝင်လာခဲ့ ပါသေးတယ်။ ကားမှာ ပါဝင်လာတဲ့ Rally Drive Mode အသစ်ကြောင့် ပိုကောင်းတဲ့ Anti- Roll နဲ့ Suspension Damping တွေကိုပါ ညှိပေးလာနိုင်သလို နောက်ဆက်တွဲ အနေနဲ့  မျက်နှာပြင်မညီတဲ့ လမ်းမ တွေ ထက်မှာ အမြန်မောင်းရင်တောင် အတော်လေး ကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်ကို ပေးနိုင်တော့မှာပါ။

Photo Credit: MotorAuthority

လက်ရှိမှာတော့ Lamborghini က သူတို့ရဲ့ SUV အသစ်ကို ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ လက်တွေ့မှာလည်း ရထားပြီးဖြစ်ကြောင်း Pikes Peak မှာ စမ်းသပ်ပြထားပါတယ်။ အဆိုပါ တောင်ပေါ်တက်တဲ့ လမ်းပိုင်း စွမ်းသပ်မှုမှာ ဆိုရင် ၁၄,၁၁၅ ပေ အမြင့်ကို အချိန် ၁၀:၃၂.၀၆၄ မိနစ်တည်းနဲ့ တက်နိုင်ခဲ့တာဖြစ်ပြီး ယခင် ၂၀၁၈ တုန်းက Bentley Bentayga တင်ရှိထားခဲ့တဲ့ ၁၀:၄၉.၉၀၂ ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်သွား နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု ကားအသစ်ကို တော့ Pirelli P Zero Trofeo ဆိုတဲ့ အကြမ်းခံ တာယာတွေနဲ့ တွဲဖက် ပေးထားပါတယ်။ Pirelli တို့ကလည်း လူကြိုက်များတဲ့ Trofeo R Semi-Slick တာယာတွေ အထူးသဖြင့် SUV တွေအတွက် ပိုအသုံးတည့်မယ့် တာယာတွေကို ဖန်တီးဖို့ Lamborghini နဲ့ ပူးပေါင်းဆောင်ရွက် နေတာ ဖြစ်ပါတယ်။ အခု Urus Performante ကားသစ်ကို $ 260,676 နဲ့ စတင်ဝယ်ယူ နိုင်မှာ ဖြစ်ပြီး အခုနှစ် နှောင်းပိုင်းလောက်မှာ ဈေးကွက်ထဲ စတင်ပို့ဆောင် ပေးနိုင်ပါလိမ့်မယ်။ အခု SUV အကြမ်းစား ကားသစ်ကို ပထမဆုံးအကြိမ် အများပြည်သူရှေ့ ချပြခြင်းအဖြစ် ပြီးခဲ့တဲ့ သောကြာနေ့ တုန်းကမှ 2022 Monterey Car Week မှာ ချပြခဲ့တာပါ။ Lamborghini အနေနဲ့ အခုနှစ် နှောင်းပိုင်း မှာလည်း နောက်ထပ် Urus SUV အသစ်ကိုပါ ချပြဖို့ ရှိသေးတယ်လို့ ဆိုထားပြီး သာမန် Standard SUV ရဲ့ အဆင့်မြှင့် တင်ထားတဲ့ Version အသစ် ဖြစ်လာဖို့ များနေပါတယ်။

Ref: MotorAuthority