နာမည်ကျော် Lamborghini တို့ ဆီကနေ လမ်းကြမ်းမောင်း Supercar တစ်မျိုးကို ထုတ်လုပ်ပေးလာမယ် ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့တာကတော့ ဆယ်စုနှစ် တစ်ခုလောက် တောင်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၁၉ တုန်းက ကုမ္ပဏီကနေ Huracan Sterrato ဆိုတဲ့ Concept တစ်ခုကို ချပြအပြီးမှာတော့ အခုလို လမ်းကြမ်းမောင်း စူပါကား အကြောင်းက ပိုပြီး အသံကျယ်ကျယ်လောင်လောင် ထွက်လာတော့တာပါ။ အဆိုပါ Concept အတွက် ထုတ်လုပ်မယ့် အဆင့်တွေ ရှိမရှိ ဆိုတာကိုတော့ Lamborghini တို့က နှုတ်ဆိတ်နေခဲ့ပေမယ့် သာမန်ထက်ပို ခပ်မြင့်မြင့် ရှိလှတဲ့ Huracan ကားကို Prototype အဆင့် စမ်းသပ်နေခဲ့တာကိုတော့ မနှစ်ကတည်းက မြင်နေခဲ့ ရပါတယ်။ အခုဆိုရင်တော့ အဆိုပါ ကားကို ထုတ်လုပ်တဲ့ အဆင့်အထိ ယူဆောင်သွားတော့မယ်ဆိုတာ သေချာ စေမယ့် တရားဝင် Teaser ပုံ တစ်ချို့ကိုပါ ကုမ္ပဏီဘက်က တရားဝင် ချပြလာခဲ့ပါပြီ။

Photo Credit: MotorAuthority

အခု အင်္ဂါနေ့ မှာပဲ Lamborghini ဘက်ကနေ အဆိုပါ Huracan ကားသစ် ရဲ့ ပုံရိပ်တစ်ချို့နဲ့အတူ Video တစ်ခုကိုပါ ချပြခဲ့ပြီး Concept မှာ မြင်ခဲ့ရတဲ့ Fender Flares တွေနဲ့ မီးအလင်းရောင်တွေကအစ အတူတူဖြစ်လာတာကို မြင်ရပါတယ်။ ပုံတွေကလွဲလို့ ကျန်တဲ့ အသေးစိတ် အချက်အလက်တွေကို မဖော်ပြထား သေးပေမယ့်လည်း “Beyond The Concrete”  အတားအဆီးတွေကို ကျော်ဖြတ်၍ဆိုပြီး အဓိပ္ပါယ်ရတဲ့ စာသားလေးကိုတော့ ထည့်ပေးထား ပါတယ်။ အဆိုပါ ကားသစ်ကိုတော့ အခုနှစ် နှောင်းပိုင်းလောက်မှာတင် ထွက်ပေါ်လာလိမ့်မယ်လို့ မျှော်လင့်ရပြီး အစပိုင်း တုန်းကတော့ လာမယ့် ၂၀၂၂ အရောက်မှာ ကားမော်ဒယ်အသစ် ၄ မျိုးအထိ ထုတ်လုပ်ဖို့ စီစဉ်ထားတာ လည်း ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ကား ၄ မျိုးမှာလည်း ၂ မျိုးက Huracan ကို အခြေခံပြီး ဖန်တီးထားမယ့် ကားတွေနဲ့ Urus ကို အခြေခံထားတဲ့ ကား ၂ မျိုးဖြစ်နေမှာပါ။ ပြီးခဲ့တဲ့ ဧပြီလလောက်တုန်းက Huracan Tecnica ဆိုတဲ့ ကားတစ်မျိုးကို မြင်ခဲ့ရပြီးဖြစ်တာကြောင့် အခုမြင်ရမယ့် လမ်းကြမ်းမောင်း Huracan က အပေါ်မှာ ဖော်ပြခဲ့တဲ့ ကားသစ် ၂ မျိုး ထဲက တစ်မျိုးဖြစ်ဖို့ သေချာသလောက် ဖြစ်နေခဲ့ပါပြီ။

Photo Credit: MotorAuthority

အခု ကားကို ထွက်လာခဲ့ရင် Concept ထဲက အတိုင်း Huracan Sterrato လို့ပဲ အမည်ပေးလာခဲ့ရင်တောင် သိပ်တော့ အံ့အားသင့်ရမှာ မဟုတ်ပါဘူး။ အကြောင်းကတော့ Sterrato ဆိုတဲ့ နာမည်ကို ပြီးခဲ့တဲ့ ဆောင်းရာသီ လောက်ကတည်းက ကုမ္ပဏီ ဘက်ကနေ မူပိုင်ခွင့် တင်ထားခဲ့တာ ဖြစ်ပြီး အီတလီ ဘာသာစကားအရ ဆိုရင်တော့ အကြမ်းခံပြီး လမ်းကြမ်းတွေမှာ အသုံးတော်ခံမယ့် အဓိပ္ပါယ်ပေါက်နေတာပါ။ အခု နောက်ပိုင်း နှစ်တွေမှာ စူပါကား ကြိုက်သူတွေ ကတော့ သာမန်လမ်းတွေပေါ်  မောင်းနှင်နိုင်မယ့် စူပါကားတွေအပြင် ဘယ်လိုပဲ လမ်းကြမ်းကြမ်း ဂရုမစိုက်ပဲ မောင်းနိုင်မယ့် လမ်းကြမ်းမောင်း စူပါကားတွေကိုပါ ပိုပြီး အလိုရှိနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း နာမည်ကျော် Porsche တို့ကပါ သူတို့ရဲ့ 911 Model ကို လမ်းကြမ်းမောင်း 911 ခပ်မြင့်မြင့် ကားတစ်စီး အဖြစ် ဖန်‌တီး နေတာဖြစ်ပြီး အခု Lamborghini လိုပဲ အခြားသော စူပါကားကုမ္ပဏီတွေကပါ အခုလမ်းစဉ်အတိုင်း လိုက်လာ နိုင်နေပါတယ်။ လမ်းအခြေအနေကို ဂရုစိုက်စရာ မလိုမယ့် အပြင် စူပါကားတွေရဲ့ မြန်နှုန်းအတိုင်း စိတ်ကြိုက် ကြမ်း နိုင်မှာ ဖြစ်တာကြောင့် အခုလိုကားတွေက ဈေးကွက်ထဲ နေရာရလာနေဦးမှာပဲ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: MotorAuthority

(14) စွမ်းဆောင်ရည်မြင့် မီးသတ်ကားများ – YouTube