Kia ရဲ့ Telluride ကားအမျိုးအစား ကတော့ မကြာခင်မှာပဲ EV 9 လို့ခေါ်တဲ့ လျှပ်စစ် ကားသီးသန့် အမျိုး အစား တစ်ရပ် အဖြစ် ကူးပြောင်းတော့မှာပါ။ ဒါပေမယ့် လျှပ်စစ်ကား လုံးဝမဖြစ်သွားခင်မှာ Combustion Engine ပါဝင်လာသေးတဲ့ ထိုင်ခုံ ၃ တန်းပါ မိသားစုစီး ကားတစ်စီး အနေနဲ့ ထပ်ပြီး ထွက်ပေါ်လာဖို့ ရှိနေ သေးတာဖြစ်ပါတယ်။ ဘယ်လိုပဲ လျှပ်စစ်ကားဖြစ်ဖို့ သေချာနေသေးတယ်ပဲဆိုဆို အခုလိုမျိုးသာမန် အင်ဂျင် ကားတစ်စီးအနေနဲ့ နေရာရနေသေးတဲ့ အပြင် သိသာတဲ့ ပြောင်းလဲမှုတွေကိုလည်း လုပ်ပေးလာသေးတာကို မြင်ရဖို့ ရှိနေပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကားမော်ဒယ် အသစ်ကိုပဲ လာမယ့် အပတ်မှာ ကျင်းပမယ့် နယူးယောက် နိုင်ငံတကာ ကားပြပွဲကြီးမှာ စတင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ ကားကတော့ ၂၀၂၃ မော်ဒယ် အနေနဲ့ ရောင်းချသွားမှာ ဖြစ်ပြီး အခု အကြိုပြသလာ ခဲ့တာ တွေအရ သေချာပေါက် စိတ်လှုပ်ရှား စရာ အသစ်အဆန်းတွေကို မြင်ရဖို့ ရှိနေပြီး ကားကိုတော့ အခုနှစ် နှောင်း ပိုင်း လောက်မှာမှ ဈေးကွက်ထဲ ထည့်ပေးမယ်လို့ Kia တို့က တရားဝင် ပြောကြားထားပါတယ်။

Photo Credit: CARBUZZ

လောလောဆယ် သိရသလောက် အနေအထားနဲ့ ကားရဲ့ အပြင်ဘက်ကို ကြည့်မယ်ဆိုရင်တော့ ယခင် ကား ရဲ့ အခြေခံ ပုံစံ ကိုပဲ ဆက်လက် ထိန်းသိမ်းလာခဲ့ပြီး SUV တစ်စီးလိုတင်မကပဲ အရှေ့ ဘက်က ဒီဇိုင်းတွေကို ပါ ပိုပြီး ချောချော မွေ့မွေ့ ရှိလာအောင် လုပ်ပေးလာခဲ့ပါတယ်။ Tiger Nose Design ရဲ့ Grille နဲ့ အတူ Kia ရဲ့ ပြောင်းလဲထားတဲ့ Logo အသစ်တို့ ကြောင့်လည်း ကြည့်လိုက်တာနဲ့တင် Sport ပိုဆန်တဲ့ အရသာ ကို ခံစားရစေနိုင်ပါတယ်။ ကားရဲ့ အောက်နား ဘေးဘက်က Intake တွေကိုလည်း LED Fog Lights တွေ နဲ့ ပေါင်းစပ်ထားသလို အမိုးဒီဇိုင်းတွေ အရလည်း ယခင်ကထက် ပိုပြီး လက်တွေ့ကျ လှပလာခဲ့ပါတယ်။ ကားရဲ့ Sunroof အမိုးနဲ့ အနှိပ်ထိုင်ခုံတွေ ကိုလည်းပြန်ထည့်ပေးလာနိုင်ပြီး  Cabin ပိုင်းကလည်း ယခင်က ထက် စာရင် အများကြီးကို တိုးတက်လာဦးမှာပါ။

Photo Credit: CARBUZZ

အခု မြင်ထားရသလောက် အနေအထားတွေအရ ဆိုရင်တော့ Kia အနေနဲ့ Telluride ရဲ့ အတွင်းခန်းကို နောင်အနာဂါတ်မှာ မြင်ရမယ့် EV 9 Concept ကအတိုင်း ပြောင်းလဲ ပေးထားပုံ ပေါက်ပါတယ်။ ပိုပြီးတော့ ခေတ်မှီ ဆန်းသစ်တဲ့ ခပ်ကြီးကြီး Display ကြီး တစ်ခုကို ယာဉ်မောင်းအတွက် စီစဉ်ပေးထားနိုင်ပြီး Cluster ပိုင်းကိုရော Infotainment System ပိုင်းတွေကိုလည်း ပေါင်းစပ်ပေးထားလိုက်ပါတယ်။ တစ်ခုကောင်းတာ ကတော့ Physical Knobs ခလုတ်တွေကို မဖျောက် သေးပဲ ထည့်ပေးထားသေးတာပါ။ ဒီလို အနေအထား လေးကိုပဲ နောင်လာမယ့် EV 9 အသစ်ကို ထုတ်လုပ်တဲ့ အခါမှာလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်ရပါသေး တယ်။ အခု သိထားရတဲ့ အချက်အလက်တွေ မှန်မမှန် ဆိုတာကတော့လာမယ့် ဧပြီလ ၁၅ ရက် ကနေ ၂၄ ရက် နေ့မှာ ကျင်းပမယ့် နယူးယောက် နိုင်ငံတကာ ကားပြပွဲ ကြီးမှာ သေချာပေါက် မြင်တွေ့ရမှာပဲ ဖြစ်ပါ တယ်။

Ref: carbuzz.com